မြန်မာကျွန်းသစ်ကို ဒိန်းမတ်နိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်

မြန်မာကျွန်းသစ်ကို ဒိန်းမတ်နိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ မတ် ၁၆ ။             ။ မြန်မာ့ကျွန်းသစ်များကို ဒိန်းမတ်နိုင်ငံတွင်းသို့ တင်သွင်းသည့် နိုင်ငံသားများအား ဒိန်းမိတ်အာဏာပိုင်များက ပိတ်ပင် လိုက်သည့် အမိန့်ကို ကြိုဆိုကြောင်း သဘာဝပတ်ဝန်းကျင်စုံစမ်းရေးအဖွဲ့(Environmental Investigation Agency- EIA)က ထုတ်ပြန်လိုက်သည်။

"ဥရောပစျေးကွက်ထဲ မြန်မာကျွန်းသစ် တင်သွင်းတာဟာ ဥရောပသစ်တင်သွင်းမှုဥပဒေကို ချိုးဖောက်ရာ ရောက်တယ် ဆိုတာလည်း သံသယရှိစရာမလိုတော့ပါဘူး" ဟု သဘာဝပတ်ဝန်းကျင်စုံစမ်းရေးအဖွဲ့ (Environmental Investigation Agency- EIA)အဖွဲ့၏ သစ်တောဆိုင်ရာလှုပ်ရှားဆောင်ရွက်သူ ပီတာကူးပါးက ပြောဆိုခဲ့ကြောင်း ၄င်းတို့ ထုတ်ပြန်သည့် စာတွင် ရေးသားထားသည်။

ဆွီဒင်သစ်ကုမ္ပဏီတစ်ခုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဥရောပသမဂ္ဂသို့ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုဖြင့် ဆွီဒင်အာဏာပိုင်များက အရေးယူခဲ့ပြီးနောက် ဒိန်းမတ်နိုင်ငံကလည်း အလားတူ အရေးယူခဲ့ခြင်းလည်း ဖြစ်သည်။

ဥရောပသမဂ္ဂသို့ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းအရ ကုမ္ပဏီများအနေဖြင့် သစ်တင်သွင်းလိုပါက သစ်ထုတ်လုပ်မှု အဆင့်ဆင့်နှင့် ရောင်းပေးသူအဆင့်ဆင့်ကို သိရှိအောင် ဖော်ထုတ်ပေးရန်လိုပြီး ဥပဒေချိုးဖောက်သော လုပ်ဆောင်ချက်များ လျော့နည်းစေရန် တတ်နိုင်သမျှ ကြိုတင်စုံစမ်းလေ့လာရမည် ဖြစ်သည်။

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ၄င်းတို့၏ လုပ်ဆောင်မှုများသည် ပွင့်လင်းမြင်သာမှုမရှိခြင်း ၊ သစ်များကို ဥပဒေချိုးဖောက်၍ ထုတ်ယူထားမှုများ ရှိနေခြင်းကြောင့် ကြိုတင်စုံစမ်းလေ့လာမှုများ လုပ်ဆောင်ရန် မလွယ်ကူကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့(Environmental Investigation Agency- EIA)က ထုတ်ပြန်ထားသည်။

"မြန်မာသစ်လုပ်ငန်းမှာ ဖြစ်နေတဲ့ ဥပဒေချိုးဖောက်မှုများကို အမြန်ဖော်ထုတ်ဆောင်ရွက်ပြီး သစ်ထုတ်လုပ်ငန်းများကို စောင့်ကြည့်ရန် ခွင့်ပြုဖို့ လိုအပ်နေပြီး အဲဒီလို လုပ်ဆောင်ခြင်းမရှိပါက အမြတ်အစွန်း များများရနိုင်တဲ့ ဥရောပသစ် စျေးကွက်ကို လက်လွတ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်" လို့ ပီတာကူးပါးက မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly