မဲဆန္ဒရှင် သက်သေခံလက်မှတ်များ လာထုတ်နိုင်ပြီ

မဲဆန္ဒရှင် သက်သေခံလက်မှတ်များ လာထုတ်နိုင်ပြီ
နိုဝင်ဘာလ ၈ ရက်က ကျရောက်သည့် ၂၀၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် နိုဝင်ဘာလ ၉ ရက်နေ့က အခြေအနေများအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မတ် ၁၅ ။                ။ လာမည့် ၂၀၁၇၊ ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ထုတ်ယူနိုင်ပြီးဖြစ်ကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ် လ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မတ်လ ၁၇ ရက်မှ မတ် လ ၃၀ ရက်အထိ နံနက် ၈ နာရီ မှ ညနေ ၆ နာရီအထိ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်သည်။

မဲဆန္ဒရှင်များအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုတစ်စုလျှင် အိမ်ထောင်ဦးစီး(သို့မဟုတ်) မိသားစုဝင် တစ်ဦးဦးမှ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ယခင်က မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက တဆင့် ထုတ်ပေးခြင်းဖြစ်သော်လည်း ယခုတစ်ခေါက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ခံ ထုတ်ပေးမည်ဖြစ်သည်။

မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲနေ့တွင် သက်သေခံလက်မှတ် မပါရှိသော်လည်းလည်း မဲစာရင်းတွင် မိမိအမည်စာရင်း ပါရှိပါက ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

လာမည့် ဧပြီလ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မြို့နယ် ၂၂ မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂ သန်းကျော် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly