ဟိုတယ်ဆောက်လုပ်ရာတွင် ရိုးရိုးအဆောက်အဦ ဆောက်လုပ်ခွင့်သာတင်ဟု စည်ပင်သာယာရေးဝန်ကြီးပြော

ဟိုတယ်ဆောက်လုပ်ရာတွင် ရိုးရိုးအဆောက်အဦ ဆောက်လုပ်ခွင့်သာတင်ဟု စည်ပင်သာယာရေးဝန်ကြီးပြော

ပုသိမ်၊ မတ်လ ၁၄ ။          ။ ကမ်းခြေများ ပေါများသော ဧရာဝတီတိုင်းဒေသကြီးတွင် အဆောက်အဦဆောက်လုပ်ခွင့်တင်ကာ ဟိုတယ်ဆောက်လုပ်နေသူများရှိကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မတ်လ၁၄ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

တိုင်းဒေသကြီး ဟိုတယ်ဆောက်လုပ်မှုများ စည်းမျဉ်းစည်းကမ်းနဲ့ အညီလုပ်ပြဖို့ ပြန်သတိပေးနေရကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

"မြေပြင်မှာဖြစ်နေတာ ဟိုတယ်ဖွင့်ချင်တဲ့ လုပ်ငန်းရှင်တွေကော ဟိုတယ်ဆောက်တဲ့သူတွေရော၊ စည်ပင်သာယာမှာ အဆောက်အဦတင်ပြီး ဆောက်လုပ်တယ်။ ဟိုတယ်၊တည်းခိုခန်းဖွင့်မယ် မပြောဘဲ အဆောက်အဦ ရိုးရိုးဆောက်လုပ်ခွင့်တောင်းသလိုမျိုး တောင်းတယ်။ အဆောက်အဦ ပြီးခါနီးမှာ ဟိုတယ်ဆောက်လုပ်ခွင့်ပြုပါလို့ ဆိုတော့ ဟိုတယ်ခရီးဌာနချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းဥပဒေနဲ့ မကိုက်ညိီဘူး လွဲချော်နေတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

ဟိုတယ်ဆောက်လုပ်ပါက စတင်ဆောက်လုပ်စဉ်ကတည်းက ၀န်ကြီးဌာန ၂ ခုလုံးသို့ တင်ပြခွင့်ပြုချက်ယူရန် လိုအပ်ကြောင်း သိရသည်။

“ဟိုတယ်ဆောက်ရင် ပြင်ကတည်းက ဟိုတယ်ခရီးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဌာနကို တင်ပြီး ဌာန နှစ်ခုလုံး ခွင့်ပြုချက်ရမှာ ဆောက်လို့ရပါမယ်။ အခုမှ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းရှိပြီးသားကို  သိပြီး မလိုက်နာတဲ့သူနဲ့ ၊ မသိလို့ မလိုက်နာတဲ့သူကို စည်းမျဉ်းစည်းကမ်းနဲ့ အညီလုပ်ကြပါလို့ ပြန်သတိပေးနေရတယ် ” ဟု ဝန်ကြီးကပြောသည်။

ကမ်းခြေဒေသ ဟိုတယ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းအတွင်းရှိ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ကြွေချိုင့်ဒေသမှာ ဟိုတယ် ဆောက်လုပ်ခွင့်ပြုရန် တင်ပြချက်၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေကြကြောင်း ပြောခဲ့သေးသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ် အဆောက်အဦများဆောက်လုပ်လျှင် သက်ဆိုင်ရာဌာနများသို့တင်ပြပြီးမှ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး တိုင်းအစိုးရက ဟိုတယ်ဆောက်လုပ်မှုများတွင် ကားပါကင်ပါမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဆက်လက်ထောက်ခံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly