ဆရာတော်ဦးဝီရသူ၏ တိတ်ပိတ်တရားပွဲ စီစဉ်ကျင်းပသူအား အရေးယူမည်

ဆရာတော်ဦးဝီရသူ၏ တိတ်ပိတ်တရားပွဲ စီစဉ်ကျင်းပသူအား အရေးယူမည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ပုသိမ်၊ မတ်လ ၁၃ ။           ။ ဆရာတော်ဦးဝီရသူက ပါးစပ် တိတ်ပိတ်ပြီးတရားခွေဖွင့်လှစ်ခဲ့သော တရားပွဲအား စီစဉ်ကျင်းပသည့် ဦးမောင်ဝင်းအား ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်ပင်ပြီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေး က မဇ္ဈိမသို့ ပြောသည်။

"တရားပွဲကျင်းပဖို့ စီစဉ်ခဲ့တယ် သူကို ဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ ဥပဒေချုပ်နဲ့တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်ရမှာပါ၊ ဆရာတော်ဦးဝီရသူနဲ့ ပတ်သက်ပြီး သံဃမဟာနာယကအဖွဲ့ကို တင်ပြသွားမှာပါ”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက  ပြောသည်။

ဆရာတော်ဦးဝီရသူအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ မတ်လ ၉ ရက်နေ့တွင် တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပြီးနောက် အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ညတွင် ဆရာတော်ဦးဝီရသူက ပါးစပ်တွင် တိတ်ပိတ်ပြီး တရားခွေ ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မပိတ်ပင်ခင်ရက်ပိုင်းအတွင်း တိုင်းအစိုးရခွင့်ပြုချက်မရဘဲ တရားဟောပြောခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ က မတ်လ ၃ ရက်နေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး ရ/၂၀၁၇ ဆုံးဖြတ်ချက်အရ ခွင့်မပြုရန် ဆုံးဖြတ်ထားပြီး၊ မအူပင်မြို့နယ် တာတပေါကျေးရွာတွင် ဆရာတော်ဦးဝီရသူက တိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ မတ်လ ၈ ရက်နေ့ညတွင် တရားဟောပြောခဲ့သည်။

ထို့ပြင် ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့၊ကျံုကူးကျေးရွာတရားပွဲအား ခွင့်ပြုပေးခဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်းဒေသကြီးအတွင်းအရေးမှူးက ခေါ်ယူသတိပေးခြင်း များ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly