နိုင်ငံ၏ ဂေဟစနစ် ထိန်းသိမ်းမှုမြှင့်တင်စေရန် မျိုးဆက်သစ်ရေ ပညာရှင်များမွေးထုတ် ရမည်ဟု ဆို

နိုင်ငံ၏ ဂေဟစနစ် ထိန်းသိမ်းမှုမြှင့်တင်စေရန် မျိုးဆက်သစ်ရေ ပညာရှင်များမွေးထုတ် ရမည်ဟု ဆို
ညောင်ဦး ဒေသရှိ ဧရာဝတီမြစ်ကြောင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

မြန်မာနိုင်ငံ၏ ရေ၊ မြေနှင့် ဂေဟစနစ်ကို ထိန်းသိမ်းမှု မြှင့်တင်သွားနိုင်ရေးအတွက် ပညာရှင်များ မွေးထုတ်ရမည်ဖြစ်ပြီး လိုအပ်သည့် မျိုးဆက်သစ် ရေပညာရှင်များ မွေးထုတ်နိုင်ရန် ရည်ရွယ်ကာ  MK30, Ayeyarwaddy WLE Fellowship Programme အမည်ဖြင့် ရေပညာရပ် ဆိုင်ရာ သင်တန်းပေး၍  ထိန်းသိမ်းမှုမြှင့်တင်သွားမည်ဟု ဧရာဝတီ မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးအဖွဲ့မှ ဥက္ကဋ္ဌဒေါက်တာဆွေဆွေအေးက မဇ္ဈိမကိုပြောသည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရန် နိုင်ငံတွင်း အရေးအပါဆုံး ရေအရင်းအမြစ် ဖြစ် သည့် ဧရာဝတီမြစ်၏ ရေ၊ မြေနှင့် ဂေဟစနစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယင်းကဲ့သို့ သင်တန်းပေး၍ လုပ်ဆောင်သွားမည် ဖြစ်သည်။

ဒေါက်တာ ဆွေဆွေအေးက “လက်ရှိ ရေအရင်းအမြစ် ကော်မတီမှာ လုပ်ဆောင်နေတဲ့ ဆရာကြီး ဆရာမကြီးတွေက အသက် ၆၀ ကနေ ၈၀ ဝန်းကျင်လောက် ရှိနေကြပြီဆိုတော့ မျိုးဆက်သစ် လူငယ်တွေ လိုအပ်လာပါပြီ။ လက်ရှိမှာလည်း လူငယ်တွေက ငွေများများရတဲ့ အလုပ်တွေမှာပဲ လုပ်နေတာများလာပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်မှာ နည်းလာကြ တယ်။ ဒါကြောင့် တီချယ်တို့က ဒီလို ရေပညာရှင်တွေ မွေးထုတ်ဖို့ ပရိုဂရမ်ကို လုပ်ဆောင်ခဲ့တာပါ” ဟု ဆိုသည်။

ဧရာဝတီမြစ်၏ ရေအရည်အသွေးမှာ ကျဆင်းလာနေပြီး မြစ်၏ သဘာဝ ဝန်းကျင်ပြောင်းလဲမှု ကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများ၏ လူမှုဘဝများ ထိခိုက်ခံစားနေရသဖြင့် သုတေသန နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် ရေပညာရှင်များ အထူးလိုအပ်လာ၍ ယင်းကဲ့သို့ သင်တန်းခေါ်ယူ ခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာဒေါ်ဆွေဆွေအေးက ဆိုသည်။

သင်တန်းသားအဖြစ် အသက် ၃၅ နှစ်အောက် မြို့ပြအင်ဂျင်နီယာဘွဲ့(Civil Engineering)၊ အင်္ဂလိပ်စာနှင့် ပထဝီဝင် အထူးပြု ဘာသာရပ်များဖြင့် ဘွဲ့ရရှိသူများကို ဦးစားပေး ရွေးချယ်မည်ဖြစ် သည်။

အဆိုပါသင်တန်းတွင် ဧရာဝတီမြစ်၏ ရေ၊ မြေနှင့် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေး ဗဟုသုတများ၊ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း၊ ရေနှင့် ပတ်သက်သည့် လုပ်ငန်းများဖြစ်သည့် ရေအရည် အသွေး ထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ်များ စီမံခန့်ခွဲခြင်းတို့အတွက် လက်တွေ့ကွင်းဆင်း ခြင်းများ၊ အလုပ်ရုံဆွေးနွေးပွဲ(Workshop)များ ပါဝင်မည်ဖြစ်ကာ ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး သင်တန်းကြေး အခမဲ့ဖြစ်သကဲ့သို့ သင်တန်းကာလအတွင်း သွားလာ၊ နေထိုင်စရိတ် နှင့် သုတေသနအတွက် အသေးစား ဘတ်ဂျက်လည်း ထောက်ပံ့မည် ဖြစ်သည်။

သင်တန်းမှ ထူးချွန်သင်တန်းသား သုံးဦးကို ရွေးချယ်၍ ၎င်းတို့၏ လုပ်ငန်းများ တင်ပြနိုင်ရန် မဟာမဲခေါင်ဒေသတွင်း နှစ်ပတ်လည် အစည်းအဝေးများသို့ ဖိတ်ကြားခြင်း၊ ဆက်လက် သင်ယူနိုင်ရန် နိုင်ငံတကာ သင်တန်းများသို့ စေလွှတ်ခြင်း သို့မဟုတ် ဆက်လက် ပညာသင်ခွင့်အတွက်  ထောက်ပံ့ ပေးမည့် အစီအစဉ်များလည်း ရှိသည်ဟု အဆိုပါပရိုဂရမ်၏ Project Coordinator ဦးမောင်မောင်ကို က ဆိုသည်။

ကချင်ပြည်နယ် မြစ်ဆုံဒေသမှ စတင်စီးဆင်းလာသော ဧရာဝတီမြစ်သည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်း ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်၏ မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်တွင်း အနည်အနှစ်ပို့ချမှု များပြား လာမှု စသည်တို့ကြောင့် မြစ်တွင် သောင်ထွန်းမှု များပြားလာခဲ့ကာ သဘာဝဝန်းကျင် ပြောင်းလဲမှု များ ကြောင့် မြစ်ကြောင်း ပြောင်းလဲမှုများသည် ၂၀၀၉ ခုနှစ်မှ စတင်၍ သိသာစွာ ဆိုးရွားလာခဲ့သည် ဟုလည်း ဧရာဝတီမြစ်ဝှမ်း ထိန်းသိမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပညာရှင်များက ဆိုသည်။  

ဧရာဝတီမြစ် စတင်ရာ မြစ်ဆုံဒေသတွင် တည်ဆောက်မည့် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော မြစ်ဆုံ စီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကာ လက်ရှိတွင်မူ လုပ်ငန်းလည်ပတ်မှုများ ရပ်နားထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly