ပုသိမ်နှင့် ကန်ကြီးထောင့်မှ မြေသိမ်းခံပြည်သူများ ဆန္ဒဖော်ထုတ်

ပုသိမ်နှင့် ကန်ကြီးထောင့်မှ မြေသိမ်းခံပြည်သူများ ဆန္ဒဖော်ထုတ်
ဇူလိုင် ၂၇ ရက်တွင် ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ်။ ဓာတ်ပုံ - စည်သူမောင်မောင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ဇင်ပြွန်းကုန်း ကျေးရွာအုပ်စုနှင့် ကန်ကြီးထောင့်မြို့၊ နနွင်းဂယက် ကျေးရွာအုပ်စုတို့မှ ၁၉၉၁ ခုနှစ်က သိမ်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရန် ဇူလိုင် ၂၇ ရက် တွင် ဒေသခံများက ပုသိမ်မြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ မြေများကို သီဟိုဠ် စီမံကိန်းစိုက်ပျိုးရန် ၁၉၉၁ ခုနှစ်က သိမ်းဆည်းခံထားရခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်ရာတွင် တောင်သူလယ်သမား အင်အား ၁၀၀ ကျော် ပါဝင်သည်။

မြေသိမ်းမှုကြောင့် တောင်သူများ၏ စီးပွားရေး၊ လူမှုရေး ဒုက္ခများစွာ ခံစားရပြီး မြေယာများ လက်ဝယ်ပိုင်ဆိုင်မှု ပြန်လည်ရရှိစေရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင် သည့် ကန်ကြီးထောင့်မြိုနယ်၊ နနွင်းဂယက်ကျေးရွာအုပ်စုမှ မြေသိမ်းခံတောင်သူ ဒေါ်ရွှေတင်က ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် သိမ်းဆည်းခံ လယ်ယာ၊ ဥယျာဉ်၊ သုဿာန်မြေများ အမြန်ဆုံး ပြန်လည် ရရှိရေး၊ မြေယာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ သိမ်းယူခဲ့သော ပုဂ္ဂလိက လုပ်ပိုင်ခွင့် သီဟိုဠ် စီမံကိန်း အမြန်ဖျက်သိမ်းရေး၊ မူလပိုင်ရှင် တောင်သူများအား ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် အမြန်ဆုံး အသိအမှတ်ပြုရေးစသည့် ကြွေးကြော်သံများနှင့် လက်ကိုင်ဆိုင်းဘုတ်များဖြင့် လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို နံနက် ၁၁ နာရီခွဲမှ တစ်နာရီခွဲအထိ ပြုလုပ်ခဲ့သည်။ ပုသိမ်မြို့ ဇင်ပြွန်းကုန်း ကျေးရွာနေ တောင်သူ ဒေါ်အေးမိုးခိုင်က “ဒေသခံတွေ နစ်နာမှုကို လျစ်လျူရှု ခံထားရသလို ဖြစ်နေတယ်။ အခုအချိန်မှာ ကျွန်မတို့ မူလပိုင်ရှင်ဖြစ်တဲ့ မြေအသိမ်းခံ တောင်သူတွေရဲ့ ဘဝတွေကို စာနာထောက်ထားပြီး ကျွန်မတို့မြေယာကို ပြန်လည် လုပ်ပိုင်ခွင့် အမြန်ပြန်ပေးပါလို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

၁၉၉၁ ခုနှစ် သီဟိုဋ္ဌ့် စီမံကိန်းအရ ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်ယာများမှ  စိုက်ဧက ၂,၀၀၀ ကျော်အား မြေသိမ်းမိန့်ထုတ် သိမ်းဆည်းခံခဲ့ရကြောင်း သိမ်းဆည်းခံတောင်သူများ က မီဒီယာများကို ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ပုသိမ်မြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုချက် အမှတ်  ၈/၂၀၁၅ ဖြင့် ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly