ရန်ကုန်မြို့တွင်း ၃ မြို့နယ် CCTV ကင်မရာများ တပ်ဆင်ထား

ရန်ကုန်မြို့တွင်း ၃ မြို့နယ် CCTV ကင်မရာများ တပ်ဆင်ထား
ဓာတ်ပုံ - ဒေါ်ကြည်ပြာ Facebook

ရန်ကုန်၊ မတ် ၁၁ ။            ။ ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သည့် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား စသည့် မြို့နယ်များတွင် ဒုစရိုက်မှုများ လျော့ပါးစေရန်နှင့် ပြည်သူများ၏ လူမှုဘဝ လုံခြံုရန် ပြည်ထောင်စုလွှတ်တော်မှ ချမှတ်ပေးသည့် ဘတ်ဂျက်ငွေ သိန်းတစ်ထောင်ဖြင့် CCTV ကင်မရာများ တပ်ဆင်ထားပြီးဖြစ်သည်ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

"အားလုံး ၁၂၈ လုံး တပ်ထားတယ်။ အစ်ကိုမြို့နယ်က ဧည့်သည် အဝင်အထွက် များတယ်။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မီးပွားတွေဖြစ်နိုင်တဲ့ဟာတွေ ဖန်တီးတာတွေလည်း အရင်တုန်းကတည်းက ရှိတယ်။ ဆိုတော့ မြို့နယ်နေ ပြည်သူလူထုရဲ့လူမှုဘဝ လုံခြံုရေးအတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ CCTV တပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ" ဟု ပန်းဘဲတန်းမြို့နယ်မှ ဦးသန်းနိုင်ဦးက ဆိုသည်။

ကျောက်တံတားမြို့နယ်တွင် အမှိုက်စွန့်ပစ်မှု လျော့ကျမှု စေရန် နောက်ဖေးလမ်းကြားများ၌ CCTV ၃၅၀ တပ်ဆင်ထားပြီး  အများပြည်သူလုံခြံုရေးအတွက် CCTV များကို လသာနှင့်ပန်းဘဲတန်းမြို့နယ်များမှ အဓိက လမ်းမများပေါ်တွင် တပ်ဆင်ထားကာ ပန်းဘဲတန်းတွင် အလုံးရေ ၁၃၀ တပ်ဆင်ထားသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များအနေဖြင့် လုံခြံုရေးအရ အဓိကလိုအပ်ချက်များအတွက် CCTV များတပ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

"အစ်မတို့ မြို့ထဲတွေကြတော့ တခြားမြို့နယ်တွေလို လိုအပ်ချက်တွေ အရမ်းမများတော့ လုံခြံုရေးအတွက်ကို ဦးစားပေးပြီး တပ်လိုက်ကြတာပါ" ဟု ၄င်းကပြောသည်။

အဆိုပါ ဘတ်ဂျက် တစ်ထောင် ဖြင့် ပန်းဘဲတန်းမြို့နယ်၌ CCTV အလုံးရေ ၁၃၀ ခန့် တပ်ဆင်ထားပြီး စောင့်ကြည့်ထိန်းချုပ်ရေးစင်တာကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ထားရှိထားကာ၊ ကျောက်တံတားမြို့နယ်၌ CCTV အလုံးရေ ၃၅၀ နီးပါးတပ်ဆင်ထားကာ စောင့်ကြည့်ထိန်းချုပ်ရေးကို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးများ တွင် ထားရှိပေးထားကြောင်း သိရသည်။

"လိုအပ်ချက်တော့ နည်းနည်းရှိသေးတယ်။ အဲ့ဒါတွေက နောက်လာမယ့်ဘတ်ဂျက်မှာ လိုအပ်တဲ့နေရာတွေ ဖြည့်သွားမယ်။ အခုကတော့ တစ်မြို့နယ်လုံးမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ လွှမ်းခြံုနိုင်တယ်" ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly