သင်္ကြန်ပိတ်ရက် ငါးရက်သာ သတ်မှတ်၊ ရုံးပိတ်ရက် စတင်မည့်ရက်ကို မကြာမီကြေညာပေးမည်

သင်္ကြန်ပိတ်ရက် ငါးရက်သာ သတ်မှတ်၊ ရုံးပိတ်ရက် စတင်မည့်ရက်ကို မကြာမီကြေညာပေးမည်
၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသည့် မြန်မာအတာတန်ခူးလ ရေကစားပွဲတော်အားတွေ့မြင်ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ မတ် ၁၀ ။              ။ သင်္ကြန်ကာလ ရုံးပိတ်ရက်ကို ၅ ရက်သာ သတ်မှတ်လိုက်ပြီး မည်သည့်ရက်တွင် စတင်ပိတ်မည်ကို မကြာမီ ကြေညာသွားမည်ဟု နိုင်ငံတော်သမ္မတရုံး ယာယီညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ပြောဆိုသည်။

"ရုံးပိတ်ရက်ကို ပြန်ပြီးတော့ ကြေညာမှာဖြစ်တယ်။ ပြည်ထောင်စုအစိုးရက ကြေညာသွားပါမယ်။ ကျွန်တော်တို့က ကြိုပြောလို့ မသင့်ဘူး" ဟု ဦးဇော်ဌေးက ဆိုသည်။

မြန်မာနှစ်သစ်ကူးကာလ အစိုးရရုံးပိတ်ရက်အဖြစ် ဧပြီလ ၁၂ ရက် မှ ၂၁ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ယခုလက်ရှိအနေအထားအရ ပြောင်းလဲသွားနိုင်ချေ ရှိနေသည်။

သို့သော်လည်း နိုင်ငံဝန်ထမ်းများအတွက် ပိတ်ရက် ဆယ်ရက် ရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အုပ်ချုပ်မှု နည်းလမ်းများဖြင့် စီစဉ်ပေးသွားမည်ဟု ၎င်းက ပြောသည်။ သို့သော် ပုဂ္ဂလိကဝန်ထမ်းများအနေဖြင့် အဆိုပါ အကျိုးခံစားခွင့်တွင် ပါဝင်မည် မဟုတ်ကြောင်း ဦးဇော်ဌေးက အတည်ပြုပြောဆိုသည်။

သင်္ကြန်ပွဲတော်ကာလ နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်တိတိ သတ်မှတ်ထားရှိခဲ့ရာ ရက်ရှည်ရုံးပိတ်ခြင်း၊ ဘဏ်ပိတ်ရက် ရှည်ကြာခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်လာခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်း စသည်တို့ကြောင့် ၂၀၁၇ အတွင်း ရုံးပိတ်ရက်နှင့် အလုပ်ပိတ်ရက်များကို ပြင်ဆင်ရန် သင့်၊ မသင့် သုံးသပ်နိုင်ရန် မတ်လ ၉ ရက် မွန်းလွဲ ၃ နာရီ အရောက်ပေးပို့ရန် ၀န်ကြီးဌာနများသို့ အစိုးရအဖွဲ့ရုံးက သဘောထားတောင်းခံခဲ့ပြီးနောက် ယခုလို ပိတ်ရက် ငါးရက် သတ်မှတ်ခဲ့ခြင်းလည်း ရှိနေသည်။

အစိုးရအနေဖြင့် ယခုလို ရုံးပိတ်ရက် ငါးရက်သတ်မှတ်ခြင်းပြီး သင်္ကြန်ပိတ်ရက်များတွင် ဇာတိရပ်ရွာပြန်မည့် ပုဂ္ဂလိက ဝန်ထမ်းများအနေဖြင့် အဆင်မပြေမှုများ ရှိနေသည်ဟု ဝေဖန်ပြောဆိုနေမှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly