ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်
ဓာတ်ပုံ-သူရ(မဇ္ဈိမ)

ရန်ကုန်၊ မတ် ၁၀ ။             ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကင်းဆေးရုံ၌ နှလုံးခွဲစိတ်ကုသမှု ခံယူပြီးနောက် လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က မဇ္စျိမသို့ အတည်ပြုပြောကြားသည်။

"ကောင်းမွန်နေပါပြီ။ စကားတွေလည်းပြောနေပါပြီ။ အစားတွေလည်း နည်းနည်းစားနေပါပြီ။ အခုလောလောဆယ် ဆေးရုံမှာပဲ ရှိနေပါသေးတယ်။ ဆရာဝန်ကြီးများက ခွင့်ပြုမှ ဆင်းရမှာကြောင့် ဘယ်နေ့ဆင်းရမယ်ဆိုတာတော့ မသိသေးပါဘူး" ဟု ဦးမောင်မောင်က ဆိုသည်။

ဦးဖြိုးမင်းသိန်းအနေဖြင့် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ က ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီး နှလုံးနှင့် သွေးကြောခွဲစိတ်ကုသဌာနတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခွဲစိတ်ကုသမှုသည် ခြောက်နာရီကြာမြင့်ခဲ့ပြီး ဗြိတိန်နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင်​သော မြန်မာခွဲစိတ်ဆရာဝန်များ အဖွဲ့က အောင်မြင်စွာ ခွဲစိတ်ကုသခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးအနေအထားအရ ခွင့်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တာဝန်များကို လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ခေတ္တတာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly