ရန်ကုန် ၊ မတ် ၉ ။ ။ ခေါင်းဆောင်ပိုင်းနေရာများကို ပြန်လည်ရွေးချယ်သွားမည် ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၏ ဒုတိယအကြိမ်ညီလာခံကို မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင်သာ ကျင်းပသွားမည်ဟု UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က မဇ္စျိမသို့ အတည်ပြုပြောသည်။
"UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံ က ဒီလ ၂၀ နောက်ပိုင်းမှ လုပ်မယ် ။ အဲ့ဒီ ညီလာခံကာလအတွင်းမှာပဲ လုပ်သွားမှာပါ " ဟု ဦးထွန်းဇော်က ဆိုသည်။
အဆိုပါ ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံ၌ အစိုးရနှင့် မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည့် အချက် (၉) ချက် အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကိုပါ ဆွေးနွေးသွားမည်ဖြစ်သည်။
UNFC ၏ ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းပြုလုပ်ရန် ရည်ရွယ်ထားပေမယ့် မြန်မာပြည်မြောက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ရွေ့ဆိုင်းထားခဲ့ရခြင်းလည်း ဖြစ်သည်ဟု ဦးထွန်းဇော်က ပြောဆိုခဲ့သည်။
လက်ရှိတွင် UNFC ဥက္ကဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ အဖြစ် နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ခူဦးရယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ဦးထွန်းဇော် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ အဖြစ် တာပန်လ တို့က တာဝန်ယူထားသည်။