လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်နေသည့် ပြည်သူ့နီတိစာအုပ်များသည် အစိုးရနှင့် သက်ဆိုင်မှု မရှိကြောင်း သတင်းထုတ်ပြန်

လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်နေသည့် ပြည်သူ့နီတိစာအုပ်များသည် အစိုးရနှင့် သက်ဆိုင်မှု မရှိကြောင်း သတင်းထုတ်ပြန်

ရန်ကုန် ၊ မတ် ၉ ။             ။ လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်နေသည့် ပြည်သူ့နီတိ စာအုပ်များသည် အစိုးရအဖွဲ့အစည်းများနှင့် သက်ဆိုင်မှု မရှိကြောင်း ပညာရေးဝန်ကြီးဌာန က မတ်လ ရ ရက်နေ့က သတင်းထုတ်ပြန်ကြေညာထားသည်။

အဆိုပါ စာအုပ်များသည် ကွဲပြားခြားနားမှုနှင့် အမျိုးသားသဟဇာတ ဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့မှ ရေးသားထားသည့် စာအုပ်များဖြစ်ပြီး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက အတည်ပြုထားသည့် ပြဌာန်းစာအုပ်များ မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူနီတိ ပြဌာန်းစာအုပ်များကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသို့ တင်ပြပြီး ယင်းကော်မတီက ပြင်ဆင်တည်းဖြတ် အတည်ပြုသည့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ကိုသာ အသုံးပြုကြောင်း ကြေညာထားသည်။

အဆိုပါ ပြည်သူ့နီတိစာအုပ်များကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝေဖန်ပြောဆိုမှုများ ရှိနေပြီး ပြည်ထောင်စုကြ့ံခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း လက်ခံနိုင်ခြင်းမရှိကြောင်း၊ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို မတ်လ ရ ရက်ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟ ဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony –CDNG)က ၄င်းတို့ ထုတ်ဝေထားသည့်   ပြည်သူ့နီတိစာအုပ်များသည် အစိုးရအဖွဲ့အစည်းများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း မတ်လ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

CDNH အနေဖြင့် ထုတ်ဝေခဲ့သည့် ပြည်သူ့နီတိစာအုပ်များကို သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာနနှင့် ပညာရှင်များအား ပြည်သူ့နီတိသင်ကြားရေးတွင် ကိုးကားနိုင်သည့် စာအုပ်များအဖြစ် လိုအပ်သလို အသုံးပြုနိုင်စေရန် တင်ပြဝေငှခဲ့ကြောင်း၊ CDNH မှ ထုတ်ဝေသော ပြည်သူ့နီတိ စာအုပ်များကို မဖြစ်မနေအသုံးပြုရန် မည်သည့် ကျောင်း (သို့မဟုတ်)အဖွဲ့အစည်းကိုမျှ တိုက်တွန်းခြင်း မရှိခဲ့ကြောင်း ရှင်းလင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly