ကွတ်ခိုင်တွင် တပ်မတော်၏ လုံခြံုရေးတပ် နှင့် ပြည်သူ့စစ်ကို TNLA နှင့် KIA ပူးပေါင်းတိုက်ခိုက်

ကွတ်ခိုင်တွင် တပ်မတော်၏ လုံခြံုရေးတပ် နှင့် ပြည်သူ့စစ်ကို TNLA နှင့် KIA ပူးပေါင်းတိုက်ခိုက်
ဓာတ်ပုံ-TNLA

ချင်းမိုင်၊ မတ် ၅ ။             ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်  လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် ချထားသော ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်နှင့် ပြည်သူ့စစ် တို့၏ ပန်လော့ အမည်ရ ပူးပေါင်း တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တအာင်းအမျိုးသားတပ် (TNLA) တို့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၄ရက်က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်တစ်ချို့နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ချို့ ကျဆုံးခဲ့ပြီး လက်နက်ငယ်တစ်ချို့နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့သည်ဟုသိရသည်။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကမူ “ဒီမနက် ၃ နာရီခွဲကနေ ၆ နာရီလောက်ထိ မိုင်းယုလေးအနီးက တပ်မ ၃၃ ရဲ့ တပ်စခန်းမှ တိုက်ပွဲဖြစ်တယ်။ ဘာကြောင့် တိုက်ပွဲဖြစ်တာလဲဆိုတော့ အရင်တုန်းက ပန်ဆန်းပြည်သူ့စစ်စခန်းဖြစ်တယ်။ သူတို့ အဲဒီမှာနေပြီးတော့ အဓိက သူတို့ တပ်စခန်းချထားတဲ့ ကိစ္စကတော့ ကျနော်တို့အဖွဲ့က မူးယစ်ဆေးဝါးတွေကို လိုက်လံဖမ်းဆီးနေတဲ့အခါကြတော့ အဲဒီဘက်ခြမ်းမှာ ထိုးစစ်ကများတယ်။ အဲဒါကို အကြောင်းပြပြီး စခန်းကို ဆောက်လုပ်ပြီးတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေ လုပ်တယ်။ ကျနော်တို့ အဖွဲ့လည်း ထိုးစစ်ပြန်လုပ်တော့သူတို့ ခဏပြန်ရုတ်တယ်။ ပြီးတော့မြန်မာ့တပ်မတော်က ပြန်တက်လာတယ်။ အစက တပ်မ ၇၇ နေတယ်။ အခုက တပ်မ ၃၃ က ပြန်နေတယ်။ ပန်ဆေးပြည်သူ့စစ်နဲ့အတူ ပူးပေါင်းပြီးမှ နေတယ်”ဟု မတ်လ ၄ရက်က မဇ္ဈိမကိုပြောသည်။

ယင်းအပြင် တပ်မတော်အနေဖြင့် ထိုဒေသတွင် လွန်ခဲ့သည့် တစ်လ၊ နှစ်လခန့်က ဒေသခံများအား ဆန်၊ ဆီ အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပြုခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်ခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို TNLA က ဆိုထားသည်။

TNLAက နယ်မြေရှင်းလင်းမှုလုပ်စဉ် မန်လွယ်ဘက်မှ တပ်မတော်၏ စစ်ကူများ ရောက်လာသဖြင့် တိုက်ပွဲ တစ်နာရီကြာ ပြန်လည် ဖြစ်ပွားခဲ့ပြီး တပ်မတော်၏ လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက်လာသဖြင့် ၆ နာရီမတိုင်မီ TNLAက ပြန်လည် ဆုတ်ခွာလိုက်ရသည်ဟုလည်း မိုင်းအိုက်ကျော်က ပြောသည်။

ယင်းတိုက်ပွဲအတွင်း တအာင်းတပ်မတော်ဘက်မှ တစ်ဦး ဒဏ်ရာရရှိကာ တပ်မတော်ဘက်မှ ၆ ဦး ကျဆုံးမှုရှိခဲ့သည်ဟု သိရကြောင်း TNLA ကလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် မိုင်းယုလေးကျေးရွာတွင် စစ်ပြေးဒုက္ခသည် အနည်းဆုံး ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

TNLA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့သော်လည်း ယခင်အစိုးရက လက်မခံခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly