မတ်လ ၂ရက်နေ့ဟာ တောင်သူလယ်သမားနေ့ မဖြစ်သင့်ဘူး- ဦးဝင်းထိန်

မတ်လ ၂ရက်နေ့ဟာ တောင်သူလယ်သမားနေ့ မဖြစ်သင့်ဘူး- ဦးဝင်းထိန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ မတ်လ ၂ရက်နေ့ဟာ ၁၉၆၂ခုနှစ်မှာ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာကို ရယူခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာရယူခဲ့တဲ့နေ့ကို ဖုံးကွယ်ချင်လို့ ပါလီမန်ခေတ်ကတည်းက ကျင်းပလာတဲ့ ဇန်နဝါရီလ ၁ရက်၊ တောင်သူလယ်သမားနေ့ကို မတ်လ ၂ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ယူဆမှုတွေ ရှိပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်အာဏာရယူခဲ့တဲ့ ၁၉၆၂ခုနှစ်က စစ်တက္ကသိုလ်မှာ တတိယနှစ်တက်ရောက်နေတဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်လိုက်တဲ့အပေါ် သူ့ရဲ့အမြင်၊ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တဲ့အချိန်က သူ့ရဲ့ စိတ်ခံစားချက်နဲ့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှုအခန်းကဏ္ဍ စတာတွေကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါတယ်။

 

မေး။ ။ အန်ကယ်လ်က ၁၉၆၃ခုနှစ်၊ အပတ်စဉ် ၅မှာ သင်တန်းဆင်းတာဆိုတော့ ၁၉၆၂၊ မတ်လ ၂ရက်မှာ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းတော့ ဗိုလ်လောင်းသင်တန်းမှာပဲ ထင်တယ်။ အဲ့အချိန်မှာ အာဏာသိမ်းတော့ ကိုယ်ပိုင်စိတ်ခံစားမှု ဘယ်လိုရှိခဲ့လဲ။

ဖြေ။ ။ ၆၂ခုနှစ် အာဏာသိမ်းတုန်းက အန်ကယ်လ်တို့က စစ်တက္ကသိုလ် တတိယနှစ်။ အသက်က ဘာရှိမှာလဲ ၂၀ကျော်ရုံလေးပဲ။ အပေါ်က တပ်ကခေါင်းဆောင်တွေက အာဏာသိမ်းတယ်ဆိုတော့ ကိုယ်တို့က အောက်က လက်အောက်ငယ်သား ဗိုလ်လောင်းဆိုတာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်ရှိတာ မဟုတ်သေးဘူးလေ။ နောက်တစ်ခုက နိုင်ငံရေးအမြင်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ကျောင်းမှာတော့ Political Science သင်တယ်။ နိုင်ငံရေးဗေဒပေါ့။ ဒါပေမယ့် သီအိုရီတွေ သင်တာ။ လက်တွေ့အာဏာသိမ်းတဲ့အခါကျတော့ စိတ်ထဲမှာ ထူးတော့ ထူးဆန်းတယ်။ ဒါပေမယ့် ဒါကို ကောင်းတယ်၊ မကောင်းတယ် ဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အချင်း မရှိသေးဘူး။ ဒါပေမယ့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကြေငြာတဲ့အခါကျတော့ အဲ့ဒါကိုတော့ ဖတ်တယ်။ ဖတ်တဲ့အခါမှာ သူ့ရဲ့ ကြေငြာချက်ထဲမှာ နိုင်ငံရဲ့ အလုပ်သမားနဲ့ လယ်သမားတွေကောင်းကျိုးကို ဦးစားပေးမယ်ဆိုတော့ အန်ကယ်လ်တို့က တောမှာ ကြီးပြင်းလာသူတွေဆိုတော့ သဘောကျတယ်။ ဒီသဘောတရားကြီးအရဆိုရင် အလုပ်သမားနဲ့ လယ်သမားတွေရဲ့ ကောင်းကျိုးအတွက် လုပ်မယ်ဆိုတဲ့အခါကျတော့ သဘောကျတာပေါ့။ ထောက်ခံတယ်၊ ကန့်ကွက်တယ်ဆိုတာကတော့ အဲ့အချိန်က မလုပ်နိုင်သေးဘူး။ နိုင်ငံရေးနဲ့ပတ်သက်လု့ိ အတွေ့အကြုံလည်း မရှိဘူး။ ငယ်လည်း ငယ်တယ်။ ကန့်လည်း မကွက်ခဲ့ဘူး။ ထောက်ခံတာလည်း မလုပ်ခဲ့ဘူး။ သို့သော် တပ်မတော်ခေါင်းဆောင်တွေကလုပ်ရင် ကိုယ်တို့ လိုက်လုပ်ကြရမယ်။ သို့သော် ၆၂မှာပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကြေငြာတယ်။ ၆၃၊ ၆၄မှာ ဆိုရှယ်လစ်လမ်းစဉ်ကို ရှေးရှုမယ့် စီးပွားရေးလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတာတွေ လုပ်လာခဲ့တယ်။ ဆိုတော့ အဲ့ဟာတွေ ဘယ်လောက်ထိ တိုင်းပြည်အတွက် အကျိုးရှိတယ်၊ မရှိတယ် မဆုံးဖြတ်တတ်ဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆအရဆိုလို့ရှိရင် ဒါက တိုင်းပြည်ကောင်းရာကောင်းကျိုး၊ နိုင်ငံ့ကောင်းရာကောင်းကျိုး လုပ်တယ်လို့ပဲ ထင်ခဲ့တာပေါ့။

 

မေး။ ။ အဲ့အချိန်မှာ ဗိုလ်လောင်းတွေရဲ့ အယူအဆကရော ဘယ်လိုရှိကြလဲ။

ဖြေ။ ။ ဗိုလ်လောင်းတွေလည်း ဒီလိုပဲလေ။ စစ်တက္ကသိုလ်ဆိုတာက ၁၇နှစ်၊ ၁၈နှစ်လောက်အရွယ် လူငယ်လေးတွေခေါ်ပြီးတော့ လေ့ကျင့်ပေးထားတယ်။ နောက်ပြီး စစ်ပညာတွေ သင်တယ်။ ဆိုတော့ သူတို့တွေကော၊ ကျွန်တော်တို့ ကိုယ်တိုင်ကော ကျောင်းစာကိစ္စရယ်၊ နောက် သင်တန်းကိစ္စတွေနဲ့ ဗျာများနေတဲ့အခါကျတော့ ပြင်ပက လှုပ်ရှားမှုနဲ့ ပတ်သက်လို့ နက်နက်နဲနဲ တွေးချိန်မရဘူး။ အလားတူပဲ အာဏာသိမ်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အော်….အာဏာသိမ်းပြီ ဆိုတာလောက်ပဲ သူတို့ သဘောထားပြီးတော့ ကိုယ့်ရဲ့ နိစ္စဓူဝ ကျောင်းဆင်းပွဲကို ရှေးရှုတဲ့ စာမေးပွဲ ဖြေရမယ်။ စစ်စည်းကမ်း လိုက်နာရမယ်။ ဒါတွေနဲ့ပဲ အချိန်ကုန်ခဲ့တာ။ ဒါ(အာဏာသိမ်းတာ)နဲ့ ပတ်သက်လို့ တက္ကသိုလ် ဗိုလ်လောင်းတွေအနေနဲ့ ကောင်း၏၊ ဆိုး၏ ဘယ်လိုမှ မဝေဖန်ခဲ့ကြဘူး။

 

မေး။ ။ အဲ့တုန်းက အာဏာသိမ်းတာကတော့ အကြောင်းအရင်းတွေ များစွာရှိတာပေါ့လေ။ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ယိုယွင်းနေတဲ့ တိုင်းပြည်အခြေအနေကို ထိန်းသိမ်းဖို့ဆိုပြီး အကြောင်းပြတာပေါ့။ အကြောင်းအရင်းတစ်ခုပဲ ပြောမယ်ဆိုရင် ဘာ့ကြောင့် အာဏာသိမ်းတယ်လို့ အန်ကယ်လ် ထင်လဲ။

ဖြေ။ ။ ခုနပြောသလိုပေါ့။ အဲ့တုန်းကတော့ စဉ်းစားဖို့လည်း အချိန်မလုံလောက်ဘူး။ တဖြည်းဖြည်းနဲ့ လုပ်ရင်းကိုင်ရင် အတွေ့အကြုံရလာတဲ့အခါမှာ အထူးသဖြင့် စစ်ရုံးတွေရောက်တဲ့ အခါပေါ့။ လူကြီးတွေနဲ့ တွေ့တယ်။ ပြောတာဆိုတာတွေ ကြားရတယ်။ နောက် သင်တန်းတွေတက်ရတဲ့အခါမှာ တကယ်တော့ မူလရည်မှန်းချက်ကတော့ အလုပ်သမားနဲ့ လယ်သမားကောင်းကျိုးကို ဦးတည်ဖို့လုပ်တယ်ဆိုသော်လည်းပဲ တဖြည်းဖြည်းနဲ့ ဦးနေဝင်းက သူ့အာဏာတည်ဆောက်တာကိုပဲ လုပ်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သဘောပေါက်လာတာပေါ့။

 

မေး။ ။ ၁၉၆၂ နောက်ပိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက အရှေ့တောင်အာရှမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလို့ ပြောလို့ရတယ်။ ဒါပေမယ့် အာဏာသိမ်းပြီး ၁၀နှစ်လောက်အကြာမှာပဲ တိုင်းပြည်က ချွတ်ခြုံကျသွားတယ်လု့ိ ပြောကြတယ်။ ဆိုတော့  မြန်မာ့နိုင်ငံရေးထဲကို တပ်မတော်ဝင်လာပြီး ၁၀နှစ်လောက်အကြာမှာပဲ ဘာ့ကြောင့် တိုင်းပြည်က ဆင်းရဲပြီး ချွတ်ခြုံကျသွားရတယ်လို့ အန်ကယ်လ် ယူဆလဲ။

ဖြေ။ ။ အခုကျတော့ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ သိကြပြီလေ။ ဘာ့ကြောင့် သိကြသလဲဆိုရင် ဆိုရှယ်လစ်လမ်းစဉ်အတွက် အောင်မြင်အောင်ဆိုရင် စီမံကိန်းစီးပွားရေးစနစ်ကို ခေါင်းဆောင်တွေကကော၊ အောက်က သင်တန်းပေးတဲ့သူတွေကကော ယုံကြည်ကြတယ်။ ဒါပေမယ့် တကယ်တမ်းဆိုရင် ဘယ်သူမှ အဲ့ဒီ စီးပွားရေးစနစ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဖူးခဲ့တာ မရှိဘူး။ အတွေ့အကြုံလည်း မရှိဘူး။ ကြားဖူးနားဝနဲ့ လုပ်ကြတာ။ ထိပ်ပိုင်းခေါင်းဆောင်က တချို့ကတော့ တရုတ်ပြည်သွားလေ့လာတယ်။ ရုရှား သွားလေ့လာတယ်။ သူတို့က သူတို့နိုင်ငံနဲ့ သင့်တင့်တဲ့ဟာကို ထင်ကြေးနဲ့ လုပ်ကြတဲ့အခါကျတော့ တကယ်တမ်းဆိုရင် မှန်ကုန်တဲ့လမ်းကြောင်းကို မချနိုင်ဘူး။ အဲ့ဒီထက် ပိုဆိုးတာက တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ ဆိုပြီးတော့ အထောက်အကူပြုမယ့် လှုပ်ရှားမှုတွေပေါ့။ ပထမဆုံး ၆၄ခုနှစ်မှာ ရာတန်၊ ငါးဆယ်တန်တွေကို တရားမဝင် ကြေငြာပြီးတော့မှ အသစ်လဲတာ။ အဲ့ဒီထဲကစပြီး စီးပွားရေးကို အကြီးအကျယ် အထိနာခဲ့တယ်။ အဲ့တော့ ၁၉၆၂ခုနှစ် အာဏာသိမ်းတဲ့အချိန်မှာ မြန်မာနိုင်ငံက ကမ္ဘာမှာ ဆန်တင်ပို့တာ အများဆုံးနိုင်ငံဖြစ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဆန်တင်ပို့တာတွေလည်း လျော့သွးတယ်။ နောက်ပြီး နိုင်ငံခြားအရံငွေတွေကလည်း လျော့သွားတဲ့အခါမှာ ၁၉၆၇လောက်မှာ မြန်မာနိုင်ငံဟာ ဆန်၊ စပါး ရှားတဲ့ကိစ္စနဲ့ ကြုံခဲ့ရတယ်။ အဲ့လို ဆန်၊ စပါးရှားပါးတဲ့အခါမှာ တိုင်းပြည်ကို အာရုံလွဲတယ်လို့ အခုမှ ပြန်သုံးသပ်မိတာပေါ့။ ဟိုတုန်းကတော့ ဘာမှ မသိသာဘူး။ အဲ့တော့ ၁၉၆၇ခုနှစ်မှာ ဆန်လုပွဲတွေ ဖြစ်တယ်။ ပြီးတော့ တရုတ်-ဗမာ အရေးအခင်း အကြီးအကျယ် ဖြစ်တယ်။ တရုတ်-ဗမာ အရေးအခင်းဖြစ်တာကလည်း သာမန်ထင်တာကတော့ တရုတ်လူမျိုးကျောင်းသားတွေက ဆရာတွေနဲ့ ပြဿနာဖြစ်တာလို့ ထင်သော်လည်းပဲ အဓိကတော့ တရုတ်နိုင်ငံမှာ စနေတဲ့ ယဉ်ကျေးမှုတော်လှန်ရေးက လူငယ်တွေ၊ ကျောင်းသားတွေကနေပြီး ဆရာတွေကို တော်လှန်တယ်။ လူငယ်ပါတီဝင်တွေကနေ လူကြီးတွေကို တော်လှန်တယ်။ အဲ့လိုတော်လှန်တဲ့ တော်လှန်ရေးကို တရုတ်ပြည်ကနေ နိုင်ငံတကာကို အားပေးတယ်။ ဖိလစ်ပိုင်မှာလည်း ဖြစ်တယ်၊ ထိုင်းမှာလည်း ဖြစ်တယ်။ မလေးရှားမှာလည်း ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီနိုင်ငံတွေဖြစ်တဲ့အခါမှာ ရဲတို့၊ တပ်မတော်တို့နဲ့ လုံခြုံရေး ထိန်းသိမ်းတယ်။ ဗမာပြည်မှာဖြစ်တုန်းက အန်ကယ်လ်တို့က တပ်ထဲမှာပဲ ရှိသေးတယ်။ ပထမတုန်းကတော့ ရဲ၊ နောက်တော့ ဘာမှမထိန်းသိမ်းဘဲ လွတ်ထားလိုက်တဲ့အခါမှာ လူအုပ်ကြီးက ထိန်းမနိုင်၊ သိမ်းမရနဲ့ ဗမာလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေနဲ့ ပဋိပက္ခ အသွင်ဆောင်သွားပြီးမှ သေကြေပျက်စီးတာတွေ အများကြီးပဲ။ အထူးသဖြင့် တရုတ်လူမျိုးတွေပေါ့။ မြို့ထဲမှာရှိတဲ့ လသာတို့၊ လမ်းမတော်တို့ အထူးသဖြင့် တရုတ်တန်းက အထိအနာဆုံးပဲ။ အဲ့ဒါတွေဖြစ်တာက မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်) စီးပွားရေးစနစ် မအောင်မြင်ဘူး။ ဆန်စပါးတွေ နိုင်ငံခြား ပို့လို့မရတဲ့အပြင် ပြည်တွင်းမှာတောင် ဖြန့်ဝေမှုစနစ် ညံ့သွားပြီးတော့ တချို့နေရာတွေမှာ ငတ်တာတွေဖြစ်ပြီးတော့ ဆန်လုပွဲ ဖြစ်တယ်။ အဲ့ဒီဟာတွေကို အကြောင်းပြုပြီးတော့ ဦးနေဝင်းကနေ အာရုံလွဲဖို့အတွက် ကြိုးစားပြီးတော့ တရုတ်-ဗမာ အရေးအခင်းဖြစ်အောင် လုပ်တယ်လို့ ပြောတဲ့သူက ပြောကြတာပေါ့။ မှန်လား၊ မမှန်ဘူးလားဆိုတာကတော့ မှတ်တမ်းတွေနဲ့ သမိုင်းဆရာတွေက သုံးသပ်ပြီးမှ ဖြစ်မှာပေါ့။ အဲ့ေ့တာ့ နိုင်ငံဟာ တဖြည်းဖြည်းနဲ့ တတိတိနဲ့ ချွတ်ခြုံကျတဲ့အခါမှာ ၁၉၈၇ခုနှစ်ကျတော့ ကမ္ဘာ့အသိအမှတ်ပြု အဆင်းရဲဆုံးနိုင်ငံဘဝကို ရောက်သွားတယ်။ ၁၉၈၇မှာပဲ တစ်နှစ်ထဲမှာကို ငွေတွေကို တရားမဝင်ကြေငြာတဲ့ဟာ ၂ကြိမ်လုပ်တဲ့အခါ တိုင်းပြည်ရဲ့အခြေအနေက လုံးဝ သုည ဘဝကို ရောက်သွားခဲ့တယ်။ လူတွေ ခံစားရတာများရင်းများရင်းနဲ့ အောင့်မခံနိုင်တဲ့အခါမှာ ပေါက်ကွဲပြီးတော့ ၈၈အရေးအခင်း ဖြစ်တော့တာပဲ။

 

မေး။ ။ အရင်တုန်းက ဒီနေ့(မတ်လ ၂ရက်)ဟာ တောင်သူလယ်သမားနေ့မဟုတ်ဘူး။ ဇန်နဝါရီ ၁ရက်ပေါ့လေ။ ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်မှာ အာဏာသိမ်းခဲ့တယ်ပေါ့။ အဲ့ဒါကို ဖုံးကွယ်ချင်လို့ မတ်လ ၂ရက်ကို တောင်သူလယ်သမားနေ့ဆိုပြီး သတ်မှတ်လိုက်တယ်လို့ အယူအဆတွေ ရှိတယ်။ အဲ့အပေါ်မှာ အန်ကယ်လ်ရဲ့ သဘောထားက ဘယ်လို ရှိလဲ။

ဖြေ။ ။ အဲ့ဒါလည်း ဟုတ်တယ်လေ။ ဦးနေဝင်းက သူအာဏာသိမ်းတဲ့ မတ်လ ၂ရက်နေ့ကို ဂုဏ်ပြုချင်တဲ့အခါကျတော့ အာဏာသိမ်းတဲ့နေ့ရယ်လို့ မသတ်မှတ်တော့ဘဲနဲ့ ဗမာပြည်မှာ ၇၅ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ ၂ရက်နေ့ကို လုပ်တယ်ဆိုတာ ဒါဟာ ဟန်ပြပါ။ အဓိပ္ပာယ်လည်း မရှိဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်မှာ တောင်သူလယ်သမားနေ့ကို မတ်လ ၂ရက်နေ့အစား တခြား တစ်ရက်ရက်ကို ပြောင်းဖို့ လွှတ်တော်တင်တာတွေ ရှိတယ်။ အန်ကယ့်လ်အနေနဲ့ကတော့ လွှတ်တော်တင်တာလည်း မှန်တယ်။ မတ်လ ၂ရက်နေ့ဟာ တောင်သူလယ်သမားနေ့ မဖြစ်သင့်ဘူး။ တချိန်ကျရင်တော့ ပြင်ရမှာပဲ။ အခုတော့ ဦးစားပေးအဆင့်ထဲမှာ မပါသေးဘူး။ အဲ့ဒီထက် ပိုအရေးကြီးတာက တိုင်းပြည်စီးပွားရေးတိုးတက်ဖို့၊ ငြိမ်းချမ်းရေးရဖို့ ဒါတွေကိုပဲ အာရုံစိုက်တာ။

 

မေး။ ။ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ပါဝင်ခဲ့တာ ၆၂အာဏာသိမ်းပြီးကတည်းက အခုဆို ၅၅နှစ်ရှိပြီ။ အခုထိလည်း ဖွဲ့စည်းပုံအရ လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းရှိတယ်။ NLD ရဲ့ မူဝါဒကလည်း နိုင်ငံရေးမှာ တပ်မတော်ပါဝင်နေတာ တကယ့်ဒီမိုကရေစီအစစ်မဟုတ်ဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရမယ်လု့ိ ပြောခဲ့တယ်။  တပ်မတော်ကတော့ နိုင်ငံရေးမှာ ပါဝင်မှုကို တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ ပြောထားတယ်။ ဆိုတော့ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုက ဘယ်လောက်ကြာနိုင်ဦးမယ်လို့ ယူဆလဲ။

ဖြေ။ ။ အခု ဒေသဆိုင်ရာအမျိုးသားအဆင့် ဆွေးနွေးပွဲတွေ လုပ်နေတယ်လေ။ လုပ်နေတဲ့အခါမှာ တိုင်းရင်းသားပါတီတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ အန်ကယ်လ်တို့ အာဏာရပါတီရော ပွင့်ပွင့်လင်းလင်းဆွေးနွေးတဲ့အခါမှာ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာက မူအရ တပ်မတော်သည် အရပ်အာဏာပိုင်တွေရဲ့ အောက်မှာပဲ ရှိရမယ်ဆိုတာ ဒါက နိုင်ငံတကာ ကျင့်ထုံး။ ဒီအဆင့်ကို အန်ကယ်လ်တို့လည်း ရည်မှန်းချက်က ဒီလိုပဲ ထားတယ်။ သို့သော်လည်း အနေအထားအရ ဖွဲ့စည်းပုံအခြေခံဥပဒေ စဆွဲကတည်းကိုက တပ်မတော်ကဏ္ဍ ပါနေတဲ့အခါကျတော့ အန်ကယ်လ်တို့က ဘယ်လောက်ပဲ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အထိုက်အလျောက်ကတော့ လက်ခံနေရဦးမှာပဲ။ အဲ့တော့ ငြိမ်းချမ်းရေးရလို့ ငြိမ်းချမ်းရေးကဏ္ဍအောင်မြင်တယ်ဆိုရင် တပ်မတော်ရဲ့ ကဏ္ဍဟာ အင်ဒိုနီးရှားမှာလို Professional Army အဖြစ်နဲ့ ရပ်တည်ပြီးတော့ ပြည်သူလူထုချစ်ခင်တဲ့၊ ပြည်သူလူထုထောက်ခံတဲ့ တပ်မတော်အဖြစ်ရောက်အောင် ကြိုးစားမှာဆိုတဲ့အခါကျတော့ ဒါဟာ တနေ့နေ့တချိန်ချိန်မှာဖြစ်လာမယ့် နိုင်ငံရေးရည်မှန်းချက် ဖြစ်တယ်လို့ ပြောရမှာပေါ့။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly