သူ၏ Wolverine ဇာတ်ကောင်နေရာအား ဆက်ခံမည့် မည်သူမဆိုအတွက် ဟုဂ်ဂျက်ခ်မန်း အကြံပေးစကားပြော

သူ၏ Wolverine ဇာတ်ကောင်နေရာအား ဆက်ခံမည့် မည်သူမဆိုအတွက် ဟုဂ်ဂျက်ခ်မန်း အကြံပေးစကားပြော
 

X-Men ရုပ်ရှင်ဇာတ်ကားများထဲတွင် Wolverine ဇာတ်ကောင်နေရာမှ ၁၇နှစ်တိတိခန့် သရုပ်ဆောင်ခဲ့ပြီးနောက် တွင် ဟုဂ်ဂျက်ခ်မန်းသည် ပရိသတ်အများဆုံးနှစ်သက်သော အဆိုပါ ဇာတ်ရုပ်နေရာမှ အနားယူတော့မည်ဖြစ်သည်။

သူ၏နောက်ဆုံးထွက်ရှိထားသော Logan ရုပ်ရှင်ထဲတွင် ပရိသတ်များ တခါမှမမြင်ဖူးသေးသည့် သူ၏ပုံစံ အသစ်တစ်ခုကို မြင်တွေ့ရမည်ဖြစ်ပြီး အားအင်ချိနဲ့လာသော ပရော်ဖက်ဆာချားလ်ဇေဗီယာအား ထောက်ပံ့နိုင်ရန်အတွက် ကားဒရိုင်ဘာအဖြစ် အလုပ်လုပ်နေသော အသက်ရွယ်ကြီးရင့်သည့် လိုဂန်ကို မြင်တွေ့ရမည်ဖြစ်သည်။

“ဒီရုပ်ရှင်ဟာကျနော် လိုဂန်အနေနဲ့နောက်ဆုံးရိုက်မယ့်ရုပ်ရှင်ဆိုတာကိုရှင်းရှင်းလင်းလင်းသိခဲ့ရပါတယ်။ဒီဇာတ် ကားဟာကျနော်ရိုက်ချင်နေခဲ့တဲ့ပုံစံအတိုင်းပါပဲ” ဟု ဟုဂ်ဂျက်ခ်မန်းကပြောခဲ့ပြီး အဆိုပါဇာတ်ရုပ်နေရာကို ဧည့် သည်သရုပ်ဆောင်အနေနှင့်ရော ခွဲထွက်ဇာတ်လမ်းနေရာမှာပါ ဘယ်တော့မှပြန်လည်သရုပ်ဆောင်တော့မည် မဟုတ်ကြောင်းပြောခဲ့သည်။

သို့သော်လည်း သူသည် Wolverine ဇာတ်ကောင်နေရာအားဆက်ခံမည့် မည်သူမဆိုအတွက် အကြံပေးစကား များရှိသည်ဟုပြောခဲ့သည်။

“ကျနော် ဒေါက်ဂရေးစကော့နဲ့ဆုံခဲ့တုန်းကအချိန်ကိုမှတ်မိပါတယ်။ တကယ့်တော့ဒီဇာတ်ရုပ်နေရာကိုသူအရင်ရ တာပါ။ ဒါပေမယ့် သူ့မှာရိုက်စရာ အခြားရုပ်ရှင်တွေရှိသေးလို့ ဒီဇာတ်ရုပ်ကို မယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်ရခဲ့တာပါ” ဟု ဟုဂ်ကပြောခဲ့သည်။

“ကျနော်သူနဲ့သွားတွေ့ခဲ့ပါတယ်။ပြီးတော့ဒီဇာတ်ရုပ်ဟာခွတီးခွကျနိုင်မယ့်ဇာတ်ရုပ်ဖြစ်မယ်လို့ထင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမယ့်သူက လိုဂန်ဟာ မင်းရဖူးသမျှ ဇာတ်ရုပ်တွေထဲမှာ အကောင်းဆုံးတစ်ခုဖြစ်လာမယ့် ဟာပဲလို့ ပြောခဲ့ပါတယ်။ဒါကြောင့် ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် လုပ်လိုက်ပါတဲ့” ။

“ဒါကြောင့်ကျနော်လည်း ဒီရိုးရှင်းပြီး အဆင့်အတန်းမြင့်ခေတ်ဆန်တဲ့ ဇာတ်ရုပ်နေရာအတွက်ကို ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် လုပ်ပါဆိုတဲ့စကားကိုပဲ ပြောချင်ပါတယ်” ဟု သူကပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly