ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ထားခံရသော ကျောင်းအုပ်ကြီးအား တာဝန်မှ ရပ်ဆိုင်းရန် တင်ပြထား

ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ထားခံရသော ကျောင်းအုပ်ကြီးအား တာဝန်မှ ရပ်ဆိုင်းရန် တင်ပြထား

ပုသိမ်၊ မတ်လ ၁ ။              ။  မြောင်းမြမြို့၊ ကဝက်ကျေးရွာ အထက်တန်းကျောင်းအုပ်ဆရာကြီးအား တိုင်ကြားစာအချက်များပါ စစ်ဆေးပေါ်ပေါက်ချက်အရ တာဝန်မှ ရပ်ဆိုင်းသင့် သုံးသပ်ချက်အား စစ်ဆေးရေးအဖွဲ့က တင်ပြထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

 "သူ့အပြစ်က တာဝန်ကနေ ရပ်ဆိုင်းဖို့လောက်လုပ်ခဲ့တယ် ။ အပြစ်မဟုတ်ဘူး။ ပညာရေးဌာနက ဒီထက်ပိုပြီး အပြစ်ပေးသင့်တယ်။ စာမေးပွဲဖြေနေတဲ့ကာလမှာတောင် ဖြစ်ခဲ့တယ်။ ကလေးတွေ ပညာရေးကိုရော၊ ကလေးတွေ စိတ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးခဲ့တယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကဝက်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်အောင်သည် ၂၀၁၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ်အတောအတွင်း မြောင်းမြမြို့၌ တည်းခိုနေသည့် ဒဿမတန်းကျောင်းသားများအား ဓမ္မတာနှင့်ဆန့်ကျင်သည့် လိင်တူဆက်ဆံမှု ပြုလုပ်ခြင်း၊ ကျောင်းသားကျောင်းသူများထံ ငွေကြေးကောက်ခံခြင်း၊ ဌာနဆိုင်ရာညွန်ကြားချက်များကို လိုက်နာမှုမရှိခြင်း၊ ကျောင်းထောက်ပံ့ကြေးသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း တို့ကြောင့် ပညာရေးဝန်ထမ်းတစ်ဦးအနေဖြင့်တာဝန်ထမ်းဆောင်ရန် မသင့်လျော်သဖြင့် ရာထူးမှ ထုတ်ပယ်သင့်ကြောင်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်တင်ပြထားကြောင်း ဝန်ကြီးက ဆိုသည်။

ကဝက်ကျောင်းအုပ်ကြီးအား ကျောင်းသားတစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြောင်းမြမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး၊ မြို့မရဲစခန်းမှ ပနံပတ်၇၈/၂၀၁၇ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

 မြောင်းမြမြို့၊ ကဝက်ကျေးရွာ၊ အထက-ကဝက်ကျောင်းအုပ်ဆရာကြီးနဲ့ ပတ်သက်ပြီး တိုင်ကြားသည့် ဆရာ၊ ဆရာမများ တိုင်ကြားမှုအား ပညာရေးဌာနသို့ စစ်ဆေးခိုင်းခြင်းမပြုဘဲ အစိုးရအဖွဲ့အစည်းများမှ အမှုမှန်အမြန်ပေါ်ပေါက်နိုင်ရေး စစ်ဆေးပေးရန် တိုင်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာ အထက်တန်းကျောင်းအုပ်ကြီး သည့် ကျောင်းသားများအား အလိုမတူဘဲ လိင်တူဆက်ဆံခြင်း၊ ကျောင်းသားများထံမှ   ငွေကြေးများ   ကောက်ခံခြင်း၊ နိုင်ငံတော်က ထုတ်ပေးသည် ကျောင်းထောက်ပံ့ကြေးရန်ပုံငွေများကို ပွင့်လင်းမြင်သာမရှိပဲ သုံးစွဲနေခြင်းများအား စိစစ်အရေးယူပေးပါရန် ကဝက်အထက်တန်းကျောင်းက ဆရာများအချို့ကနိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်တို့အား တိုင်ကြားစာများအား   ဖေဖော်ဝါရီလ၁၀ရက်နေ့တွင် ပေးပို့တိုင်ကြားထားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ကျောင်းသားတွေဆီက ပြန်သိတာပေါ့။ ညဘက်စာကျက်ဝိုင်းမတက်ချင်ကြောင်း ဆရာဆရာမတွေပြောလာလို့ မဖြစ်သင့်တာမို့ ကျွန်တော်တို့ တိုင်ကြားတာပါ။ ပညာရေးဌာန ဖြစ်နေတယ်။ ပညာဌာနပြန်စစ်ရင် အမှန်မပေါ်မှာလည်း စိုးတယ်”ဟု တိုင်ကြားသူ ဆရာ၊ ဆရာမများက မီဒီယာများသို့ ပြောသည်။

ကျောင်းသားများ အလိုမတူ လိင်တူဆက်ဆံမှု ကျောင်းသားများထံက ငွေကြေးကောက်ခံခြင်းနှင့် နိုင်ငံတော်က ချပေးသည့် ရန်ပုံငွေသုံးစွဲမှုတို့ ကဝတ်အထက်တန်းကျောင်းက အထက်တန်းပြ၊ အလယ်တန်းပြဆရာဆရာမများက တိုင်ကြားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly