JMC လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းကို အစိုးရ ခွင့်ပြု

JMC လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းကို အစိုးရ ခွင့်ပြု
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး။ ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ။          ။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဘတ်ဂျက်ငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ သန်းကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) က ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၃ ) ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB) အစည်းအဝေးအပြီးတွင် ခွင့်ပြုပေးလိုက်ခြင်းလည်းဖြစ်သည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ကို ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က ကူညီထောက်ပံ့ပေးသွားမည်လည်းဖြစ်သည်။  JMC အနေဖြင့် အဆိုပါ ဘတ်ဂျက်ကို မည်ကဲ့သို့သုံးစွဲသွားမည်ကို တိကျစွာထုတ်ပြန်ထားခြင်းမရှိပေ။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် လိုအပ်သည့်ဝန်ထမ်း၏ လေးပုံတစ်ပုံခန့်သာ လက်ရှိအချိန်၌ ခန့်အပ်ထားနိုင်သေးကြောင်း (JMC) အလုပ်အဖွဲ့၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောဆိုထားသည်။

ပြည်နယ်အတွင်းမှာ ရှိသည့် ချိုးဖောက်မှုများကို စောင့်ကြည့်ပြီး စီစစ်နိုင်ရန် ပြည်နယ်အဆင့်တွင် နှစ်လတစ်ကြိမ် ၊ ဒေသဆိုင်ရာအဆင့်တွင် တစ်လတစ်ကြိမ် ၊ စောင့်ကြည့်လှည့်လည်နိုင်ရန် နယ်လှည့်ပူးတွဲ စောင့်ကြည့်ရေးလုပ်ငန်းများကို လိုအပ်သည့် ဘတ်ဂျက်ငွေရရှိပါက အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဟုလည်း ၎င်းကပြောဆိုထားသည်။

လက်ရှိအချိန်တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC-S) ကို တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီးဖြစ်ကာ ချင်းပြည်နယ်နှင့်ပဲခူးတိုင်းတွင် ဆက်လက်ဖွဲ့စည်းနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags