နယ်လှည့်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အတည်ပြုချက် စောင့်ဆိုင်းနေ

နယ်လှည့်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အတည်ပြုချက် စောင့်ဆိုင်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။              ။ နယ်လှည့်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို JCB ( ငြိမ်းချမ်းရေးုလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ   ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့) သို့ တင်ပြထားပြီး အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေကြောင်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးအဖွဲ့(JMC-U) ၏ နည်းပညာဆိုင်ရာအကြံပေး ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“ကျွန်တော်တို့မှာ လောလောဆယ် ဘတ်ဂျက် မရှိသေးဘူး။ ဘတ်ဂျက်ကို အစိုးရဘက်က ဖွဲ့ထားတဲ့ JCB က အတည်ပြုဖို့ စောင့်နေပါတယ်၊ အတည်ဖြစ်ရင်တော့ အလုပ်တွေကို အကောင်အထည်ဖော်လို့ ရပါပြီ” ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးပူူးတွဲလုပ်ငန်းများ ဆောင်ရွက်ရန် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၆ဒသမ၅ မီလျံ ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ   ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB) ထံ  တင်ပြထားပြီးဖြစ်ကြောင်း JMC-U အတွင်းရေးမှူး အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြုလုပ်သည့် JMC-U အစည်းအဝေးအပြီးတွင် ပြောဆိုထားသည်။

နယ်လှည့်ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်၏ တာဝန်မှာ ပြည်နယ်အတွင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား သဘောတူညီချက်များကို ချိုးဖောက်မှုရှိ မရှိကို  စောင့်ကြည့်ရခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသအတွင်း အခြေအနေများကို စီစစ်နိုင်ရန် ပြည်နယ်အဆင့်တွင် နှစ်လတစ်ကြိမ်၊ဒေသဆိုင်ရာအဆင့်တွင်တစ်လတစ်ကြိမ်စောင့်ကြည့်လှည့်လည်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC-S) အနေဖြင့် ဒေသတွင်း ပဋိပက္ခဖြစ်ပွားရာနေရာများကို သွားရောက် ညှိနှိုင်းခြင်းများ၊ ပြည်သူလူထုကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းများ ပြုလုပ်ပေးနေသည်ဟု ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) အရပ်သားကိုယ်စားလှယ် နန်းစေးအွာ က ဆိုသည်။

“မြိုင်ကြီးငူ ပေါ့နော်၊ အဲ့ကနေ စစ်ဘေးရှောင်တွေလာနေပြီ။ ပြဿနာစဖြစ်နေပြီလို့ ကြားလိုက်တာနဲ့ ဒီကနေပြီးတော့ သွားလိုက်တယ်။ အဲ့ဒါက ကျွန်မတို့ JMC အနေနဲ့ အရပ်သားကိုယ်စားလှယ်တွေနဲ့ သွားလိုက်တယ်” ဟု နန်းစေးအွာက ပြောသည်။

လက်ရှိအချိန်အထိ ကရင်ပြည်နယ် JMC-S အနေဖြင့် ကွင်းဆင်း စစ်ဆေးမှုများကို  မြိုင်ကြီးငူဒေသတွင် နှစ်ကြိမ်၊ မိုင်းကန်မြို့နယ်တွင် တစ်ကြိမ် လုပ်ဆောင်ပြီး အဓိကအခက်အခဲမှာ ဘတ်ဂျက်ငွေ နည်းပါးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC-S) ကို တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီး ဖြစ်ကာ ချင်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတွင် ဆက်လက်ဖွဲ့စည်းနိုင် ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့(JMC-U) ထံမှ သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags