အပစ်ရပ်မထိုးရသေးသည့် UNFC တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန် မတ်လ ၁ ရက်နေ့အဆိုပြုထား

အပစ်ရပ်မထိုးရသေးသည့် UNFC တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန် မတ်လ ၁ ရက်နေ့အဆိုပြုထား
ဓာတ်ပုံ-မင်းမင်း(မဇ္ဈိမ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။           ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ်လက်မှတ်ရေးမထိုးရသေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများတွေ့ဆုံရန် မတ် ၁ရက်နေ့ အဆိုပြုထားကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ ၁ ရက်နေ့ တွေ့ဖို့က ညှိနေတယ်။ ကျွန်တော်တို့ အကြောင်းမပြန်ရသေးဘူး။ တွေ့တာတော့ တွေ့မယ်။ ရက်ကိုပြန်ပြီးတော့ ညှိရမယ်။ ၁ ရက်နေ့ အဆိုပြု ထားပြီ။ မတ်လဆန်းဖြစ်မှာပေါ့။ ဆွေးနွေးမှာကတော့ အဓိကကတော့ မူဝါဒပေါ့။ အတိုင်ပင်ခံကတော့ တိုက်တွန်းထားတယ်လေ။ ပြည်ထောင်စုနေ့ ပင်လုံမှာလည်းပြောထားတယ်” ဟု ပြောဆိုသည်။

ယခုတွေ့ဆုံမှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မူဝါဒပိုင်းကိုဆွေးနွေးမှာဖြစ်ပြီး NCA ရေးထိုးနိုင်ဖို့အတွက် UNFC မှဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN မှတောင်းဆိုထား သည့်အချက်တွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ကြောင်းသိရသည်။

လာမည့် ဖေဖေါ်ဝါရီလ ၂၃ ရက်၊ နေပြည်တော်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JBC ကို ကျင်းရန်ရှိနေသည်။ အဆိုပါ အစည်းအဝေးပြုလုပ်အပြီး   နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်များတွေ့ဆုံရန် အစိုးရဘက်မှ တရားဝင်တောင်းဆိုထားခြင်းလည်းဖြစ်သည်။

UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ မှ နိုင်ရွှေသိန်းက “ ၂၆ ရက်နေ့မှာမှ အစည်းအဝေးခေါ်မယ်။ DPN ကခေါ်မယ် ။ ခေါ်ပြီး စဉ်းစားမယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ” ဟု ပြောဆိုသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များမှ ဖွဲ့စည်းထားသည့် UNFC သည် တိုင်းရင်း သား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် “ဝ” အဖွဲ့ (UWSP) ဌာနချူပ်ရှိရာ ပန်ဆန်းမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နေ့ ပြုလုပ် မည့် ခေါင်းဆောင်ပိုင်းထိပ်သီးအစည်းအဝေးတစ်ခု တတ်ရောက်ရန်လည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags