အပစ်ရပ်လက်မှတ် မထိုးရသေးသည့် အဖွဲ့ခေါင်းဆောင်များနှင့် “၀” အဖွဲ့ပန်ဆန်းမြို့တွင် တွေ့ဆုံမည်

အပစ်ရပ်လက်မှတ် မထိုးရသေးသည့် အဖွဲ့ခေါင်းဆောင်များနှင့် “၀” အဖွဲ့ပန်ဆန်းမြို့တွင် တွေ့ဆုံမည်
Photo - AFP

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ။              ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များမှ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ နှင့် “ဝ” အဖွဲ့ (UWSP) ဌာနချူပ်ရှိရာ ပန်ဆန်းမြို့တွင် အစည်းအဝေး တစ်ခုပြု လုပ်သွား မည် ဖြစ်ကြောင်း “ဝ” အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမသို့ ပြောသည်။

“ ၂၁ ရက်နေ့မှာစမယ် ၃ရက် လုပ်မယ် ၂၀ ရက်နေ့မှာရောက်ဖို့ပေါ့ သတင်းပို့ဖို့ ဒါမျိုး ဖိတ်တာတော့ ၄၊ ၅ ရက်ရှိသွားပြီ လွန်ခဲ့တဲ့အပတ်ကပဲလေ ငြိမ်းချမ်းရေးကိစ္စပါပဲ” ဟု ၎င်းက အတည်ပြုပြောဆိုသည်။

အပစ်ရပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပန်ဆန်းမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ပြီး အစည်းအဝေးပြုလုပ်ကြမည်ဖြစ်သော်လည်း မည်သည့်ကိစ္စကို အဓိကထား ဆွေးနွေး မည်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ အဲဒီအစည်းအဝေးကို လက်ရှိတပ်မတော်နှင့် ထိတွေ့မှုအချို့ရှိနေသည့် ကချင်အဖွဲ့ KIA၊ တအောင်း/ ပလောင် အဖွဲ့TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရက္ခိုင့်အဖွဲ့(AA) တို့လည်း တက်ရောက်ရန် ရှိကြောင်း သိရသည်။

NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုလည်း ဖိတ်ကြားထားသည်။   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့နှင့် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စုဖွဲ့ထားသော UNFC တို့ မတ်လဆန်းတွင် တွေ့ဆုံရန်လည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly