အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတကာသံရုံးများ တွေ့ဆုံမိတ်ဆက်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတကာသံရုံးများ တွေ့ဆုံမိတ်ဆက်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။             ။ အသစ်ခန့်အပ်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံံးများမှ တာဝန်ရှိသူများကို မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် NRPC ၌ ပြုလုပ်ခဲ့သည်။

NLDအစိုးရလက်ထက်ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အသစ်နှင့် နိုင်ငံတကာသံအမတ်များ ဆွေးနွေးသည့်ကိစ္စ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန( NRPC)ရှိ  ငြိမ်းချမ်းရေးကော်မရှင် အထောက်ကူပြုအဖွဲ့မှ ဦးအေးလွင်က သတင်းထောက်များအား မိတ်ဆက်မှုသက်သက်သာ ဖြစ်ကြောင်း ပြောခဲ့သည်။

“ ဒီနေ့က ကျွန်တော်တို့ ဦးသောင်းထွန်းနဲ့ မိတ်ဆက်ပေးတာပဲနော်” ဟု ဦအေးလွင်က တွေ့ဆုံမှုအပြီး သတင်းထောက်များကို  ပြောခဲ့ခြင်းဖြစ်သည်။

အစည်းဝေးကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနှင့် နိုင်ငံတာကာသံရုံးများမှ တာဝန်ရှိသူ ၆၀ ခန့် တက်ရောက်ခဲ့သည်။

ပြည်တွင်းပြည်ပအန္တရာယ်များနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ လေ့လာသုံးသပ် အကြံပြုနိုင်ရန် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းကို နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ကို အခုကဲ့သို့ခန့်အပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဦးသောင်းထွန်းသည် ၁၉၇၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြန်မာသံတမန်တစ်ဦးအဖြစ် ဥရောပနိုင်ငံ ၅ နိုင်ငံထက်မနည်း သံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags