ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုခဲ့

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုခဲ့
ချင်းပြည်နယ် ထန်တလန်မြို့အား Google Map  မှ တွေ့ရစဉ်။

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ ။             ။ ချင်းပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယခုလ ဖေဖော်ဝါရီ ၂၃ မှ ၂၅ ရက်နေ့အထိ ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပရန် လျာထားကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဒု ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်းမှုန်းဆာခေါင်းက ပြောသည်။

ငြိမ်းချမ်းရေးကော်မှရှင်မှ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်ပြုကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အကြောင်းကြားခဲ့ပြီး ဆွေးနွေးပွဲပြုလုပ်ရန်ရက်များအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“CNF အတွင်းမှာ အချင်းချင်းတိုင်ပင်ကြတော့ အကြမ်းဖျင်းသဘောတူညီမှုရတာက ဒီလ ၂၃ ကနေ ၂၅ ကြား ထန်တလန်မှာ ကျင်းပဖို့ ပြင်ထားပါပြီ ” ဟု ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်းက ဆိုသည်။

ထန်တလန်၌ ကျင်းပမည့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးပြီး ထွက်ရှိလာမည့် အခြေခံမူများကို  ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြနိုင်ရန် ကြိုးစားပြီး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု  ပူးတွဲ ကော်မတီ (UPDJC) ဆွေးနွေးပွဲမှာ ချင်းပြည်နယ်၌ အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခွင့်ပြုမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည့်အတွက် ချင်းနိုင်ငံရေးပါတီများနှင့် ချင်းပြည်နယ်အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ် ဘားအံမြို့၌ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေပြည်တော်၌ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ လျာထားသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP) မှ တောင်းဆိုထားပေမယ့် အစိုးရဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကျင်းပခွင့် မပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly