ကျောင်းအုပ်ကြီးမှ ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာပြုကျင့်မှုအား ဆရာ၊ဆရာမ ၉ ဦးမှ တိုင်ကြားခဲ့

ကျောင်းအုပ်ကြီးမှ ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာပြုကျင့်မှုအား ဆရာ၊ဆရာမ ၉ ဦးမှ တိုင်ကြားခဲ့

မြောင်းမြမြို့ အထက ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ပတ်သက်၍ အဆိုပါကျောင်းမှ ဆရာ၊ဆရာမများက ဖေဖော်ဝါရီလ ၁၀ ရက်က တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ  အထက်တန်းကျောင်းအုပ်ကြီးမှ ကျောင်းသားများအား အလိုမတူဘဲ လိင်တူဆက်ဆံခြင်း၊ကျောင်းသားများထံမှ ငွေကြေးများ ကောက်ခံခြင်း၊ နိုင်ငံတော်မှ ထုတ်ပေးသည် ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို ပွင့်လင်းမြင်သာမရှိဘဲ သုံးစွဲနေခြင်းများအား စိစစ်အရေးယူပေးပါရန် ကဝက်အထက်တန်းကျောင်းက ဆရာများအချို့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်တို့အား တိုင်ကြားစာများအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပေးပို့တိုင်ကြားထားကြောင်း သိရသည်။

ကျောင်းသားများ အလိုမတူလိင်တူဆက်ဆံမှု၊ ကျောင်းသားများထံက ငွေကြေးကောက်ခံခြင်း နှင့် နိုင်ငံတော်ကချပေးသည့် ရန်ပုံငွေသုံးစွဲမှုတို့အား ၎င်းကျောင်းမှ အထက်တန်းပြ ၆ဦး၊ အလယ်တန်းပြ ၃ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၉ ဦးက တိုင်ကြားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ကျောင်းသားတွေဆီက ပြန်သိတာပေါ့။ ညဘက် စာကျက်ဝိုင်းမတက်ချင်ကြောင်း ဆရာ၊ ဆရာမတွေပြောလာလို့၊ မဖြစ်သင့်တာမို့ ကျွန်တော်တို့ တိုင်ကြားတာပါ။ ပညာရေးဌာန ဖြစ်နေတယ်။ ပညာဌာန ပြန်စစ်ရင် အမှန်မပေါ်မှာလည်း စိုးတယ်” ဟု တိုင်ကြားသူ ဆရာ၊ ဆရာမများက မီဒီယာများသို့ ပြောသည်။

၂၀၁၆-၁၇ ပညာရေးနှစ်တွင် ကျောင်းများတွင် ညဘက်ကျောင်းများတွင် Night Camp မလုပ်ရန် စာထုတ်အကြောင်းကြားထားပြီး ဖြစ်သည်။

ကျောင်းသားများအား အလိုမတူလိင်တူဆက်ဆံမှုနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများ ရှိကြောင်း တိုင်ကြားသူဆရာများဘက်က ပြောသည်။

“ဒီလိုလိင်အကြမ်းဖက်တာဟာ လူ့လောကမှာ လက်ခံနိုင်စွမ်းမရှိဘူး။ နောက်ပြီး ဆရာ၊ ဆရာမလောကထဲမှာ ဒီလိုမျိုးလူတွေရှိနေလို့ ဂုဏ်သိက္ခာတွေ ကျနေရတာပါ။ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ဖို့ ဘယ်အဖွဲ့အစည်းမဆို ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်တာပါ”ဟု ဆရာဦးကျော်စိုးက ပြောသည်။

မြောင်းမြမြို့နယ်ပညာရေးမှူး မြို့နယ်ပညာရေးမှူး ဆရာမဒေါ်မြင့်မြင့်စိန်ကမူ တိုင်ကြားခံရမှုအပေါ် ကောလဟာလသာဖြစ်မည်ဟု ယူဆကြောင်း မဇ္ဈိမသို့ ပြောသည်။

 "အဲဒီကိစ္စတွေ ကောလဟာလဖြစ်လိမ့်မယ်။ ကျွန်မလည်း လိုက်စုံစမ်းတယ်။ ကျွန်မတို့ ဌာနဆိုင်ရာလူကြီးဆိုတာ တစ်ဖက်နားနဲ့ နားထောင်လို့မရဘူး။ သတင်းကြားတယ်ဆို ဟုတ်လား၊ မဟုတ်လား လိုက်လေ့လာပြီး စုံစမ်းတယ်။ အခုထိ ဘာမှမကြားပါဘူး။ အဲဒီဆရာကြီး ညဘက် Camp ကို အောင်အောင်မြင်မြင်နဲ့လုပ်နေတာပဲ။ မိဘတွေလည်း စောင့်ရှောက်နေတာပဲ။ ဘာသတင်းမှ မကြားရဘူး”ဟု မြို့နယ်ပညာရေးမှူး ဆရာမဒေါ်မြင့်မြင့်စိန် က ပြောသည်။

အဆိုပါတိုင်ကြားမှုတွင် ပညာရေးဌာနသို့ စစ်ဆေးခိုင်းခြင်းမပြုဘဲ အစိုးရအဖွဲ့အစည်းများမှ အမှုမှန်အမြန်ပေါ်ပေါက်နိုင်ရေး စစ်ဆေးပေးရန် တိုင်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ကျောင်းအုပ်အား မဇ္ဈိမမှ ဆက်သွယ်ရန်ကြိုးစားသော်လည်း ယနေ့ထိ ဆက်သွယ်၍ မရသေးကြောင်း မဇ္ဈိမသတင်းထောက်က ပေးပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly