၈၈မျိုးဆက်အဖွဲ့မှ ကိုမြအေး၏ ကွီးတို့သင်္ကြန် CD, DVD ဖြန့်ချိ

၈၈မျိုးဆက်အဖွဲ့မှ ကိုမြအေး၏ ကွီးတို့သင်္ကြန် CD, DVD ဖြန့်ချိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။             ။ ၂၀၁၇ ၏ ပထမဆုံးသြင်္ကန်သီချင်းခွေဖြစ်သည့် ၈၈ မျိုးဆက်ကိုမြအေး၏ ကွီးတို့သြင်္ကန် CD DVD နှစ်ချပ်တွဲကို ယနေ့စတင်ဖြန့်ချိလိုက်သည်။

ယင်းတေးစီးရီးထဲမှသီချင်း ၁၀ ပုဒ်လုံးကို ၈၈မျိုးဆက် ကိုမြအေးကရေးဖွဲ့ထားခြင်းဖြစ်ပြီး သီချင်း ၂ ပုဒ်ကိုမူ ထောင်ထဲတွင်ရေးခဲ့ခြင်းဖြစ်သည်။ ကွီးတို့သြင်္ကန် တေးသီချင်းကို အောင်ထက်၊ ဖိုးကာ၊ Rဇာနည်၊ ဇော်ပိုင်၊ ဆူးနစ်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ မေစံပယ်ညို၊ ဇင်ဝါမိုး နှင့် ဆိုင်စံ တို့ပါဝင်သီဆိုသည်။

“ကျွန်တော်အကျေနပ်ဆုံးက Rဇာနည်ဆိုထားတဲ့ ကဗျာလွတ်လေးကကြည့်ပါ ဆိုတဲ့သီချင်းမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုဟာလည်း တန်ဖိုးရှိတယ်ဆိုတာကို ကျွန်တော်တင်နိုင်ခဲ့ပါတယ်။ အဲဒီမှာကျွန်တော် ကဗျာလွတ်အကအပြင် ခုနှစ်ထွေအကကိုပါထည့်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်ကျေနပ်တယ်။ နောက်အတူတူကကြစို့ ဆိုတဲ့သီချင်းမှာ ကလေးတွေရဲ့အနာဂတ်ကိုကြည့်ပါ။ နှစ်ဟောင်းကဟာတွေကို နှစ်သစ်မှာ မင်္ဂလာနဲ့ဖြတ်သန်းပါ ဆိုတဲ့ဟာကို ပြနိုင်ခဲ့တဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ ကြည့်ကြည့်ပါ” ဟု ကိုမြအေးကပြောသည်။

ကိုမြအေး အနေဖြင့်၂၀၁၃ ခုနှစ်တွင် အပြာရောင်သက္ကရာဇ်များ အခွေထွက်ခဲ့ပြီး ကွီးတို့သြင်္ကန်မှာ ဒုတိယမြောက်တစ်ကိုယ်တော်ရေးသားသည့် သီချင်းခွေဖြစ်သည်။

တေးသံရှင်မေစံပယ်ညိုက “ပထမ အမတို့ NG2K အခွေလုပ်တော့ ကိုမြအေးဆီမှာ သီချင်းတစ်ပုဒ် ယူတယ်ပေါ့နော်။ အဲဒါနဲ့ ကိုမြအေးနဲ့ ခင်သွားပြီးတော့ ကိုမြအေးလည်း သြင်္ကန်သီချင်း တစ်ခွေလုပ်ဖို့ရှိတယ်၊ ကူညီပေးပါဆိုတာနဲ့ ဆိုဖြစ်သွားတာပါ။” ဟု ပြောသည်။

တေးစီးရီးနာမည်ကို ခေတ်ပေါ်စကားလုံး သုံးထားသော်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို အထိခိုက်မခံကြောင်း ကိုမြအေးက ပြောသည်။ ကွီးတို့သြင်္ကန် DVD ပုံရိပ်များကို ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် လူငယ်ဒါရိုက်တာများက ပုံဖော်ထားသည်။

“ကဗျာလွတ်လေးကကြည့်ပါ သီချင်းမှာ ခေတ်ဂီတပုံစံနဲ့ မြန်မာယဉ်ကျေးမှုဂီတပုံစံမျိုးကို ရောယှက်ထားပြီးတော့ ကျွန်တော်တို့သီဆိုဖျော်ဖြေထားတာဖြစ်ပါတယ်။”ဟု တေးသံရှင် Rဇာနည်က မဇ္ဈိမကိုပြောသည်။

ယင်းတေးစီးရီးမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၇ နေ့လည် ၂နာရီတွင် Central Hotel ၌ ပြုလုပ်ခဲ့ပြီး  တန်ဖိုးငွေ ၃၀၀၀ ကျပ်ဖြင့် မာစတာတေးသံသွင်းမှ ယနေ့မှစ၍ ဖြန့်ချိလိုက်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly