၂၁ ပင်လုံညီလာခံ လုပ်မည့်ရက် မသတ်မှတ်နိုင်သေး

၂၁ ပင်လုံညီလာခံ လုပ်မည့်ရက် မသတ်မှတ်နိုင်သေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။                      ။ အမျိုးသားအဆင့်ဆွေးနွေးပွဲများ ပြုလုပ်နေဆဲဖြစ်သောကြောင့် ၂၁ ပင်လုံညီလာခံလုပ်မည့် ရက်အတိအကျကို သတ်မှတ်နိုင်ခြင်းမရှိသေးဟု ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမသို့ပြောသည်။

 “ အခုက ညီလာခံကျင်းပဖို့ကို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေတာ တိုင်းနဲ့ပြည်နယ်တွေမှာ အခုပြီးသွားတာကမှ နှစ်ခု ရှိသေးတယ်။ ခွင့်ပြုထားတာက ၆ခုမှာ မပြီးသေးဘူးပေါ့နော်။ ဒီအတောအတွင်းမှာ အဲဒီညီလာခံတွေ ဘယ်လောက်ပြီးနိုင်သလဲ၊ များများပြီးနိုင်အောင်ရယ် အဲဒါလေးကို ဆွေးနွေးရမှာမယ်။ နောက်တစ်ခုကတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်းပဲ   ဆွေးနွေးနေတယ်။ သူတို့လည်းပဲ အခုညီလာခံကို ဘယ်လောက်တတ်နိုင်မလည်းဆိုတဲ့  အဲ့ဒီအချက်နှစ်ချက်နဲ့ ကျွန်တော်တို့ UPDJC မှာ အစည်းအဝေးလုပ်ဦးမှာပေါ့နော်။ အဲဒါပြီးတော့မှ နေ့ရက်ကို သတ်မှတ်နိုင်လိမ့်မယ်ထင်တယ်” ဟု ဦးသုဝေက ပြောဆိုသည်။

အဆိုပါကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များနှင့် စာတမ်းများ ကို ယခု ကျင်းပရန်စီစဉ်နေသည့် ညီလာခံတွင်ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။

၂၁ ပင်လုံညီလာခံကျင်းပမည့်ရက်အတိအကျကို လာမည့် ရက်ပိုင်းတွင်ကျင်းပရန်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင်   ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ ကျွန်တော်တို့ UPDJC အစည်းအဝေး တနင်္လာနေ့လုပ်မယ် ။ အဲဒါလုပ်မှပဲ ဒီကိစ္စသတ်မှတ်မယ် “ UPDJC အတွင်းရေးမှုး ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက   ပြောသည်။

၂၁ ပင်လုံပြုလုပ်မည့်ရက်ကို အစောပိုင်းက ဖေဖော်ဝါရီလကုန်ရက်တွင် ကျင်းပရန်မှန်းထားခဲ့ပြီး ဖေဖော်ဝါရီလဆန်ပိုင်းထိ ကျင်းပမည့် ရက်အတိအကျ မသတ်မှတ်နိုင်သေးခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက် ပထမအကြိမ်ညီလာခံတွင် ညီလာခံကျင်းပမည့်ရက်ကို ၆ လတစ်ကြိမ် ပြုလုပ်ကြရန် သဘောတူထားသည်။

ယခင် ၂၁ ပင်လုံညီလာခံကို ပြီးခဲ့သည့်နှစ် သြတ်ဂုတ် ၃၁ မှစတင်ကာ ၅ရက်ကြာကျင်းပခဲ့ပြီး ဖေဖော်ဝါရီ လကုန်တွင် ၆ လ ပြည့်မည်ဖြစ်သည်။

၂၀၁၆ ပင်လုံညီလာခံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအဝင်  နိုင်ငံတကာမှ ဖိတ်ကြားထားသူများ စုစုပေါင်း ၁၀၀၀ ကျော်တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly