ရှေ့နေဦးကိုနီ ပစ်သတ်ခံရမှု အမြန်ဆုံးပေါ်ပေါက်ဖို့ ကိုဖီအာနန်တောင်းဆို

ရှေ့နေဦးကိုနီ ပစ်သတ်ခံရမှု အမြန်ဆုံးပေါ်ပေါက်ဖို့ ကိုဖီအာနန်တောင်းဆို
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။                 ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ အမှုကို အမြန်ဆုံး ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ မစ္စတာ ကိုဖီအာနန်က တောင်းဆိုလိုက်သည်။

"ဒီ ဆိုးရွားလှတဲ့ ရာဇဝတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုပါတယ်" ဟု ကိုဖီအာနန်က ဆိုသည်။

ရှေ့နေဦးကိုနီ သေနတ်ဖြင့်ပစ်သတ်ခံရမှုနှင့် သေနတ်ပစ်သူကို လိုက်လံဖမ်းဆီးရင်း သေဆုံးခဲ့ရသည့် အငှားယာဉ်မောင်း ဦးနေဝင်းတို့၏ ဖြစ်ရပ်အတွက် ပြင်းထန်စွာရှုံ့ချပြီး ကွယ်လွန်သူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း မစ္စတာကိုဖီအာ  နန်က ဖေဖော်ဝါရီ ၁ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခြင်းဖြစ်သည်။

"ဒီသတင်းက တုန်လှုပ်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းပါတယ်။ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေအပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ပါဘူး" ဟု ကိုဖီအာနန်က သူ့၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။

ဇန်နဝါရီ ၂၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှ စင်ကာပူ လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ ပြန်ရောက်လာသည့် ရှေ့နေဦးကိုနီကို ကြည်လင်းဆိုသူက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း   ဖြစ်သည်။  အဆိုပါ တရားခံ ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly