၀န်ထမ်းအိမ်ရာများ ဖျက်ပြီး ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်ရန်ရှိ

၀န်ထမ်းအိမ်ရာများ ဖျက်ပြီး ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်ရန်ရှိ

ပုသိမ်၊ ဇန်နဝါရီ ၃၁ ။            ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရုံးဆောက်ရန် လွှတ်တော်တည်ဆောက်မည့်ဝန်းအတွင်းရှိ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးအိမ်နှင့်ညွန်ကြားရေးမှူးအိမ်သုံးလုံးအား ဖျက်ပြီး လွှတ်တော်ဆောက်လုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

"ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး ဆောက်ဖို့ တိုင်းအစိုးရကို တင်ပြတယ်။ လွှတ်တော်က တင်ပြီး လျာထားသတ်မှတ်ထားတဲ့နေရာ သေချာသလောက်ဖြစ်သွားပြီ။ လွှတ်တော် တည်ဆောက်မယ်။ ဝန်းထဲမှာနေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်တဲ့ တိုင်းအုပ်ချုပ်ရေးမှူးအိမ်၊ နောက်တစ်ခါ ညွန်ကြားရေးမှူးတွေနေတဲ့ အိမ်သုံးလုံးလောက်က  အိမ်တွေ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့အိမ်တွေ ဖြစ်နေတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဖျက်ပစ်မည့် အိမ်နေရာများအတွက် လက်ရှိတွင် စည်ပင်ရိပ်သာတွင် နေရာချထားသည်ဟု သိရသည်။

“ ယိုယွင်းနေတဲ့ အိမ်တွေတော့ဖျက်ပစ်ရမယ် ။ အဲဒီနေရာမှာ လွှတ်တော်ဆောက်မှာဖြစ်တော့ အသစ်ရောက်လာတဲ့ တိုင်းအုပ်ချုပ်ရေးမှူးအသစ်ကို လောလောဆယ်တော့ တိုင်းအုပ်ချုပ်ရေးမှူး နေစရာအိမ် ပေးစရာမရှိလို့ စည်ပင်ရိပ်သာမှာ နေရာချထားပေးတယ်” ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ရှင်းလင်းပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရန် ပထမလွှတ်တော်သက်တမ်းတွင် ပုသိမ်မြို့၊ရွှေမြင်တင်ကျေးရွာတွင် ရွေးချယ်ခဲ့ပြီး၊ ယခု လွှတ်တော်သက်တမ်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများ အိမ်ရာတွင် လွှတ်တော်တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။

"နောက်ပိုင်းမှာ တိုင်းအုပ်ချုပ်ရေးမှူးရော၊ အုပ်ချုပ်ရေးဌာနက ညွန်ကြားရေးမှူးအပါအဝင် ဝန်ထမ်းတွေနေဖို့ သင့်တော်တဲ့မြေနေရာရှာပြီး ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးရမဲ့ အနေအထားရှိတယ်”ဟု ဝန်ထမ်းများအိမ်ရာ ဆောက်လုပ်ပေးမည့်အခြေအနေအား စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ချိန် နှစ်နှစ်ကြာမြင့်နိုင်ပြီး  ၅.၅ဘီလီယံခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly