အစိုးရသစ် ၁၀ လ သက်တမ်းထဲက လွှတ်တော်

အစိုးရသစ် ၁၀ လ သက်တမ်းထဲက လွှတ်တော်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်လာကြသော လွှတ်တော်ဥက္ကဌနှင့် ကိုယ်စားလှယ်များကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင်မြင်တွေ့ရစဉ်။ (ဓာတ်ပုံ သက်ကို)

"ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့" ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် တက်ရောက်ချိန်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ဆို တစ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်သလို အစိုးရသစ်ရဲ့ သက်တမ်းဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် ၁၀ လ သက်တမ်းရှိခဲ့ပါပြီ။

အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်ဖို့အတွက် တစ်ခဲနက် မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူတွေဟာ ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့  လွှတ်တော်တက်ရောက်ချိန်ကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီလွှတ်တော်ကနေ ပြည်သူတွေလိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက စွမ်းဆောင်နိုင်ရဲ့လားဆိုတာ လွှတ်တော်သက်တမ်း တစ်နှစ်အတွင်းမှာ စောင့်ကြည့်ချင်စရာ   ကောင်းလာနေပါတယ်။

ဥပေဒပြုမှု

လွှတ်တော်သက်တမ်းတစ်နှစ်အတွင်း ဥပဒေ ၁၉ ခုအထိ အတည်ပြု သတ်မှတ်နိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ရဲ့ Website စာမျက်နှာမှာ ထုတ်ပြန်ထားပေမယ့် အဲ့ဒီဥပဒေအများစုကတော့ အသစ်တွေမဟုတ်ဘဲ ပြင်ဆင်တဲ့ဥပဒေတွေလို့ သိရပါတယ်။

"ဥပဒေအသစ်တွေ မဟုတ်ဘူး၊ ပြင်ဆင်တဲ့ ဥပဒေတွေက များပါတယ်။ အသစ်ဆိုတာလည်း ဟိုဥပဒေကိုမှီ ဒီဥပဒေကိုမှီပြီးတော့ အသစ်လုပ်တဲ့ ဥပဒေက ပိုများပါတယ်။ ဥပမာ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုလည်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ အရင်ရှိတဲ့ဟာကို ပြန်ပြင်တဲ့သဘောမျိုးပါ "လို့ ရခိုင်အမျိုးသားပါတီ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုပါတယ်။

ဦးဘရှိန်က ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်များ အများစုကြီးစိုးခဲ့တဲ့ ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ပြီး အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အများစု အနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော်မှာလည်း ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဦးဘရှိန်အနေနဲ့ ပြီးခဲ့တဲ့လွှတ်တော်နဲ့ အခုလွှတ်တော်ကို နှိုင်းယှဉ်ရာမှာ "လုပ်ရည်ကိုင်ရည်ကတော့ အရင်လွှတ်တော် ပြည်ခိုင်ဖြိုးလွှတ်တော်ကို မမီသေးပါဘူး။ အရင်လွှတ်တော်က လုပ်ရည်ကိုင်ရည် ပိုကောင်းတယ်လေ" လို့ သူ့အမြင်ကို ပြောပါတယ်။

လွှတ်တော်အဆိုတင်သွင်းမှု

အခုကျင်းပနေတဲ့ လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတော်တော်များများဟာ မှတ်တမ်းတင်တဲ့ အဆင့်သာ ထားရှိဖို့ ဆုံးဖြတ်ခြင်းခံရတာဟာ အရင်လွှတ်တော်နဲ့ ကွာခြားချက်တစ်ခုလို့   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကျောင်းကုန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဆိုပါတယ်။

"အစိုးရကို တိုက်တွန်းကြောင်းအဆိုတွေဟာ မှတ်တမ်းတင်တာသာ များပါတယ်။ အဆိုတင်တဲ့ကိစ္စတွေကို အစိုးရက သူတို့ဆောင်ရွက်နေပါတယ်။ လုပ်ဆောင်နေတဲ့အတွက်ကြောင့် မှတ်တမ်းသာတင်ပေးပါ။ အဲ့ဒီလိုပြောတာတွေများတယ်"လို့ သူက ပြောပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က တစ်ပြည်လုံးအတိုင်းအတာအရ အပြတ်အသတ် အနိုင်ရရှိခဲ့တာကြောင့်  ပြည်သူ့လွှတ်တော်မှာ ၂၅၅ ဦး ၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ ဦး ရွေးချယ်ခံရတဲ့အထိ NLD ကိုယ်စားလှယ်များက နေရာရခဲ့ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တွေက မေးတာမြန်းတာမှာ အစိုးရက အဖြေကျပ်တာမျိုးရှိနေမယ်။ အဲ့တော့ ဥက္ကဋ္ဌကိုယ်တိုင် ဝင်ထိန်းရတာရှိတယ်။ ဒီတော့ အစိုးရကို လွှတ်တော်က ထိန်းကျောင်းနိုင်တဲ့အခြေအနေတော့ သိပ်မရှိသေးပါဘူး" ဟု ဦးသိန်းထွန်ုးက ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့လွှတ်တော်ဟာ တစ်နှစ်တာကာလအတွင်းမှာ ထိုက်သင့်သလောက်တော့ အောင်မြင်မှုရရှိခဲ့ပေမယ့် အရမ်းအောင်မြင်တယ်လို့ မဆိုနိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပွင့်ဖြူမဲဆန္ဒနယ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ရေးဆွဲတဲ့ ဥပဒေတွေ လွှတ်တော်ထဲမှာ မေးတဲ့အဆိုတွေ တင်သွင်းတယ်၊ သို့သော်လည်း ဒီဟာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ရာနှုန်းပြည့် လုပ်ဆောင်ပေးနိုင်တာ မရှိသေးပါဘူး" လို့ ဦးထွန်းထွန်းက ဆိုပါတယ်။

ဒီလွှတ်တော် သက်တမ်းတစ်နှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုဒ်မ ၅ (ည) လို ဥပဒေမျိုး၊ ဧည့်စာရင်းဥပဒေမျိုးတွေကို ပယ်ဖျက်နိုင်ခဲ့တာဟာ ချီးကျူးရမှာဖြစ်ပေမယ့် လွတ်လပ်စွာပြောဆိုနိုင်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) လို ဥပဒေမျိုးကတော့ အခုထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။

ပြည်သူတွေမျှော်လင့်တဲ့အပြောင်းအလဲ

ပြည်သူတွေရဲ့ မျှော်လင့်ချက်အမြင့်ဆုံးအနေအထားနဲ့ မဲပေးခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေဟာ အစိုးရနဲ့ ပြည်သူတွေအကြားမှာ လုပ်ဆောင်ရတာ အခက်အခဲဖြစ်နေတယ်လို့ ဆိုကြပါတယ်။

"ပြည်သူတွေက အပြောင်းအလဲကြီးကို မျှော်လင့်ခဲ့ကြတာကိုး။ တကယ်အလုပ်လုပ်ရတဲ့အခါကြတော့ အပြောလွယ်ပြီး အလုပ်ခက်ပါတယ်။ပြည်သူမျှော်လင့်တဲ့အပြောင်းအလဲအတွက် အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်" လို့ ဦးထွန်းထွန်းက ပြောဆိုခဲ့ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်အခန်းကဏ္ဍ

သို့ပေမယ့် လွှတ်တော်တွင်း NLD ကိုယ်စားလှယ်များရဲ့ လုပ်ဆောင်ချက်တွေ ပြောဆိုခွင့်တွေဟာ လွှတ်တော်အခန်းကဏ္ဍ ပိုမို ပီပြင်အောင် လုပ်ဆောင်နိုင်သလားဆိုတာ မေးခွန်းထုတ်စရာ အခြေအနေမှာ ရှိနေပါတယ်။  ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းမျိုးကို အခုလွှတ်တော်က အပြည့်အဝလုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူးလို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

"ထိန်းကျောင်းနိုင်မှုကတော့ သိပ်မလွယ်သေးဘူး။ အစိုးရဖြစ်ချင်တာကိုပဲ ကျွန်တော်တို့က ပုံဖော်ပေးလိုက်ရတဲ့ပုံစံပဲဖြစ်နေတယ်။ ကိုယ်စားလှယ်ဘက်က ဖြစ်စေချင်တာ မရှိသလောက် ရှားပါတယ်" လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

 အစိုးရသက်တမ်း ၅ နှစ်မှာ အခုဆိုရင် ၁၀ လ ရှိခဲ့ပါပြီ။ ဒီထက်ပိုပြီး ကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်လာဖို့ ပြည်သူတွေက မျှော်လင့်တကြီး ဖြစ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags