ကွယ်လွန်သူ ဦးနေဝင်း၏ သားသမီးများ ပညာရေးအတွက် သမ္မတက ငွေကျပ် ၆သိန်း ထောက်ပံ့

ကွယ်လွန်သူ ဦးနေဝင်း၏ သားသမီးများ ပညာရေးအတွက် သမ္မတက ငွေကျပ် ၆သိန်း ထောက်ပံ့

နေပြည်တော်(ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၂၉ရက်၊ ညနေပိုင်းက အသက်ဆုံးရှုံးသွားခဲ့ရသော အငှားယာဉ်မောင်း ဦးနေဝင်း၏ သားသမီးများအတွက် ပညာရေးထောက်ပံ့ငွေအဖြစ် သမ္မတဦးထင်ကျော်နှင့်ဇနီးက ငွေကျပ် ၆သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က ၎င်းတို့၏ လုပ်ခလစာငွေထဲမှ ငွေကျပ် ၆သိန်းအား ဦးနေဝင်း၏ ကျန်ရစ်သူ သား၊ သမီး ၃ဦးအတွက် တစ်ဦးလျှင် ၂သိန်းကျပ်စီ ပညာရေးထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့ငွေကို သမ္မတနှင့် ဇနီးတို့၏ ကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်မှ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ရက်၊ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့သူအား လိုက်လံဖမ်းဆီးပေးရင်း သေနတ်သမား၏ ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်း ဦးနေဝင်းမှာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly