ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်နေ

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။                ။ ချင်းပြည်နယ်တွင် “ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ” ကျင်းပရန်အတွက် စီစဉ်ဆောင်ရွက်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးက မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်တယ် ဖြစ်နိုင်မယ်ဆိုရင် ဖေဖော်ဝါရီလတွင်းမှာတော့ ချင်းအမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတော့ ချင်းပြည် နယ်ရဲ့မြို့တော် ဟားခါးမြို့မှာ ကျင်းပချင်တယ်။ အဲ့ဒီအတွက် လိုအပ်တာတွေ ကျွန်တော်တို့ဘက်ကတော့ ပြင်ဆင်ထားတယ်။ နောက်ပြီးတော့ ချင်းပြည်နယ်အစိုးရဆီကိုလည်း စာပို့ထားပြီးပြီ။ UPJDC အတွင်းရေးမှူးအဖွဲ့တွေဆီကိုလည်း ကျွန်တော်တို့ ကျင်းပဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်း စာတွေရေးခဲ့ပြီးပြီ ” ဟု ဆလိုင်းထလာဟေးက ပြောဆိုသည်။

အပစ်ရပ်လက်မှတ် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏နယ်မြေထဲမှ ဆွေးနွေးပွဲကျင်းပရန် အဆင်သင့်ဖြစ်သည့်နေရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) မှအတည်ပြုချက်ရယူပြီး ကျင်းပခွင့်ရှိကြောင်း သိရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) သို့အမျိုးသားအဆင့်ဆွေးနွေးပွဲကျင်းပရန် ချင်းအမျိုးသားတပ်ဦး (CNF) ဘက်မှစာပို့ အကြောင်းကြားထားသော်လည်း ပြန်လည်အကြောင်းကြားခြင်းမရှိသေးကြောင်း ဆလိုင်းထလာဟေးက ပြောသည်။

အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ အဲဒါကတော့ UPDJC မှာ ဒုတိယဥက္ကဋ္ဌတွေနဲ့ ညှိနှိုင်းပြီးတော့ အားလုံးက အတည်ပြုရင်တော့ လုပ်လို့ရပါတယ် ။ သူတို့တစ်ဦးတည်းအနေနဲ့ UPDJC အတည်ပြုချက်မရှိဘဲ လုပ်ရင်တော့ အမျိုးသားအဆင့် မသတ်မှတ်ပါဘူး။ ဒါကလည်း UPDJC ဥက္ကဋ္ဌ တစ်ဦးဦးနဲ့ ညှိနှိုင်းပြီးတော့ အဆင်သင့်ဖြစ်တယ်ဆိုရင်တော့ ဆောင်ရွက်လို့ရမယ့်အနေအထားရှိပါတယ်” ဟု ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ ရလာဒ်များကို အခြေခံမည်ဖြစ်သောကြောင့် NCA ရေးထိုးထားသည့် အဖွဲ့ ၈ဖွဲ့ထဲမှ ချင်း၊ ရှမ်း စသည့်အဖွဲ့များမှ ညီလာခံအမီ အမျိုးသားအဆင့်ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်ပြင် ဆင်နေကြသည်။ အစိုးရအနေဖြင့် ကရင်ပြည်နယ် တွင် လူမျိုးအလိုက်၊ တနင်္သာရီတိုင်းဒေသကြီးတွင်   ဒေသအလိုက်နှင့် နေပြည်တော်တွင် CSO ဖိုရမ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင်သာ ကျင်းပရန်စီစဉ်ထားပြီး ချင်းပြည်နယ်တွင် အမျိုးသား အဆင့်ဆွေး နွေးပွဲများပြုလုပ်ရန် CNF မှ စီစဉ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးလှမောင်ရွှေက “ ၃ နေရာက ဖေဖော်ဝါရီလ ကုန်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတင်သွင်းနိုင်ဖို့ လုပ်နေတယ်ပေါ့။ နောက်ထပ် ထပ်လုပ်ဖို့ညှိနှိုင်းလို့ရမယ် ဆိုရင်လည်း ခုနက ညှိနှိုင်းလို့ရတဲ့ပေါ်မူတည်မှာပေါ့ ။ ဒါပေမယ့် ညီလာခံပြီးတော့လည်း အမျိုးသားအဆင့်တွေက ဆက်ရှိဦးမှာပေါ့ ” ဟု ပြောဆိုသည်။

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို လူမျိုးအလိုက် ဒေသအလိုက်ကျင်းပပြီးစီးခဲ့ပြီး နေပြည်တော်တွင်လည်း CSO ဖိုရမ်များ   ပြုလုပ်တော့မည်   ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲရလာဒ်များကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုချက် ရယူပြီး   ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ကျင်းပမည့် ၂၁ ပင်လုံသို့ တင်ပြဆွေးနွေးကြမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly