မင်္ဂလာတောင်ညွန့် မီးရထားလိုင်းခန်းမှ မီးဘေးသင့်ပြည်သူများကို သိမ်ဖြူလမ်းပေါ်ရှိ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့မည်

မင်္ဂလာတောင်ညွန့် မီးရထားလိုင်းခန်းမှ မီးဘေးသင့်ပြည်သူများကို သိမ်ဖြူလမ်းပေါ်ရှိ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့မည်
ဓာတ်ပုံ- MOI /မင်းသီဟ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ။                      ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝန်ထမ်းလိုင်းခန်း မီးလောင်မှုမှ မီးဘေးသင့်ပြည်သူများကို ဇန်နဝါရီ ၂၉ ရက်၊ ညနေပိုင်းတွင် သိမ်ဖြူလမ်းပေါ်ရှိ ဘုန်းကြီးကျောင်းသို့ ပြောင်းရွေ့နေရာချထားမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မဇ္ဈိမသို့ ပြောသည်။

"ကျွန်တော်တို့ မနက်ဖြန် ညနေဆိုရင် သိမ်ဖြူလမ်းမကြီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရွေ့ပါမယ်။ ဘုန်းကြီးကျောင်းအောက်ထပ်ကို ရွေ့ဖို့ ဆရာတော်က ကျွန်တော်တို့ကို ပြောထားပါတယ်။ အဲ့ဒီကို မနက်ဖြန်ညနေ ကျွန်တော်တို့ ရွှေ့မှာပါ" ဟု ဦးလှဌေးက ဆိုသည်။

အဆိုပါ မီးဘေးသင့် ပြည်သူ ၉၅ ဦးကို ယခုလက်ရှိအချိန်တွင် မီးရထားရပ်ကွက်အတွင်းရှိ အ.မ.က ၇ တွင် ယာယီနေရာချထားပေးပြီး စားဝတ်နေရေးနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်မှ အလှူရှင်များ ပူးပေါင်းပြီး ဆောင်ရွက်နေသည်ဟု သိရသည်။

ယမန်နေ့(ဇန်နဝါရီ ၂၇) ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝန်ထမ်း အိမ်ရာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် သတ်မှတ်ထားခဲ့သည်။ အဆိုပါ မီးလောင်မှုသည် ဝါယာကြိုးပြင်ဆင်ရာမှ ရှော့ခ်ဖြစ်ကာ အိမ်ထရံကို မီးစွဲလောင်ခဲ့ခြင်းလည်း ဖြစ်သည်။ မီးလောင်မှုကြောင့် အခန်း ၁၂ ခန်းရှိသည့်   မြေစိုက်သွပ်မိုး အဆောက်အအုံတစ်ခု မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့် ပြည်သူ ၉၅ ဦး ရှိကြောင်း ဦးလှဌေး၏ ပြောဆိုချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required