ကိုးတန်းကျောင်းသူအမှု ရုံးချိန်းတွင် တည်းခိုခန်း CCTV မှတ်တမ်းများ စစ်ဆေး

ကိုးတန်းကျောင်းသူအမှု ရုံးချိန်းတွင် တည်းခိုခန်း CCTV မှတ်တမ်းများ စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။          ။ ယနေ့ (ဇန်နဝါရီ ၂၄) ရုံးချိန်းတွင် သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တည်းခိုခန်း CCTV မှတ်တမ်းများ စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။

“ ဒီနေ့က တည်းခိုခန်းက ပေးထားတဲ့ CCTV မှတ်တမ်းကို ဖွင့်ကြည့်ကြတယ်။ နောက်တစ်ချက်က သူ့ရဲ့စစ်ချက်ကို ယူတော့ ဒီနေ့မပြီးသေးတော့ ၃၁ ရက်ကို ပြန်ချိန်းထားတယ်။ အဲဒါစစ်မယ်။   နောက်ပြီးတော့ တရားခံဘက်က ပြန်လှန်စစ်မေးတာတွေလုပ်မယ်၊ ဒါပဲ။ အပြန်အလှန်မေးခွန်းမေးတဲ့ အလုပ်ကို ” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။

ယနေ့ (ဇန်နဝါရီ ၂၄) ရုံးချိန်းတွင် သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ၊ တွဲဖက်ခရိုင် တရားသူကြီး ၄တွင် ဒုတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ ရုံးချိန်းတွင် သက်သေခံအနေဖြင့် တည်းခိုခန်းမှပေးသည့် CCTV မှတ်တမ်းနှင့် ရဲဘက်မှတင်သွင်းသည့် CCTV မှတ်တမ်းပါ အချက်အလက်အချို့ကို  ပရင့်ထုတ်ထားသည့် စာရွက်တို့ကို တိုက်ဆိုင်စစ်ဆေးခဲ့သည်။

“ သူတို့ (ရဲ) စာရွက်နဲ့ ပရင့်ထုတ်ထားတာရှိတယ် ။ အဲ့ဒါကို တိုက်စစ်တာ ။(CCTV) တိုက်စစ်တဲ့အခါမှာ ကွဲလွဲချက်တွေ တစ်ချို့လည်းတွေ့ရတယ် ။ သူတို့က (ရဲ) အပြည့်အစုံ မှတ်တမ်းတစ်ခုလုံးကိုတင်တာမဟုတ်တော့ ရထားတဲ့ဟာနဲ့ တိုက်ဆိုင်စစ်ဆေးမှာပါ ” ဟု ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။

သားမယားပြုကျင့်ခံရသည့် ကျောင်းသူကို ပထမအကြိမ် စတင်စစ်ဆေးသည့် ဇန်နဝါရီ ၁၇ ရက်တွင် ဖြစ်စဉ်ဖြစ်ပွားသည့် “ ရွိုင်ရယ် တည်းခိုခန်း ” ဓာတ်ပုံအပါအဝင် အမှုနှင့်သက်ဆိုင်သည့် ပုံ ၃၀ ခန့်ကို တရားရုံးသို့တင်သွင်းခဲ့ပြီး ယနေ့တွင် CCTV မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သားမယားပြုကျင့်ခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို ရှေ့တစ်ပတ်ရုံးချိန်းတွင် တရားပြိုင်ဖြစ်သူ သန်းကိုကိုမောင်၏ ရှေ့နေမှ မေးခွန်းများ ပြန်လှန်စစ်မေးမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဖြစ်စဉ်မှာ အသက်၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို ပြစ်မှုကျူးလွန်သူဟု ယူဆရယူ သန်းကိုကိုမောင်ဆိုသူက စက်တင်ဘာလ ၅ ရက်နေ့လည်ပိုင်းက လှည်းတန်းစင်တာရှေ့တွင် ချိန်းဆိုကာ လိမ္မော်ရည်တိုက်ခဲ့ပြီး အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုကိုအောင်အိမ်သို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် ရွိုင်ရယ်တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများကြည့်ရန်-http://www.mizzimaburmese.com/article/22441

ဆက်စပ်သတင်းများကြည့်ရန်-http://www.mizzimaburmese.com/article/22174

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly