ရခိုင်ပြည်နယ်အတွက် အပြုဆောင်တဲ့အကူအညီများပေးသွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြော

ရခိုင်ပြည်နယ်အတွက် အပြုဆောင်တဲ့အကူအညီများပေးသွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။           ။ ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွက် အပြုသဘောဆောင်သည့် အကူအညီများကို ပေးအပ်သွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဘောရစ်ဂျွန်ဆင်က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်နှင့် ယမန့်နေ့( ဇန်နနဝါရီ ၂၂)က တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။

"အများကြီးအကူအညီပေးသွားမယ်လို့ ပြောသွားတယ်၊ အစိုးရရဲ့အကျပ်အတည်းကို နားလည်တယ်၊ အခက်အခဲကိုလည်း နားလည်တယ်၊ အဲ့တော့ အပြုသဘောဆောင်တဲ့ အကူအညီတွေကို   ပေးပါ့မယ်"လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က မဇ္ဈိမသို့ ပြောသည်။

သို့ပေမယ့် ဗြိတိန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွက် အကူအညီများ ပေးအပ်သွားမည်ဟု ပြောဆိုခဲ့ပေမယ့် မည်ကဲ့သို့လုပ်ဆောင်ပေးမည်ကို အတိအကျပြောဆိုခဲ့ခြင်း မရှိဟု ဦးအေးလွင်က ဆိုသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်အနေဖြင့် ရခိုင်ပြည်နယ်က အရေးကိစ္စနဲ့ အခြားနေရာ ဒေသတွေမှာ စစ်ရေး ဆောင်ရွက်ချက်တွေကို ပူပန်မိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည် ဟု ဗြိတိသျှသံရုံးက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး "ဖြစ်ရပ်တစ်ခုဟာ မှန်၏ မမှန်၏ဆိုတာကို ကျွန်တော်တို့က သက်သေပြလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခွင့်အာဏာကလည်း အကောင်းဆုံးဖြစ်အောင်အကြံပေးဖို့ပဲ ရှိတာကိုး။ အဲ့ဒါလေးသူ့ကို ရှင်းပြခဲ့တယ်" ဟု ဦးအေးလွင်က ပြောဆိုခဲ့သည်။

သို့ပေမယ့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ လုံခြုံရေးဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု ဗြိတိသျှသံရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly