ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်မတော်တဆမှုဒဏ်ရာ သက်သာ၍ ဆေးရုံမှ ဆင်းပြီ

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်မတော်တဆမှုဒဏ်ရာ သက်သာ၍ ဆေးရုံမှ ဆင်းပြီ
ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာစဉ်(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

ပုသိမ်၊ ဇန်နဝါရီ ၂၂ ။         ။ ယာဉ်မတော်တဆမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီသည် ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်၍ ဇန်နဝါရီလ၂၂ရက်တွင် ဆေးရုံကဆင်းခဲ့ကြောင့် လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ဝန်ကြီးချုပ်ဦးမန်းဂျော်နီ ပုသိမ်မှနေပြည်တော်သို့အသွား ဆားမလောက်ကျေးရွာအကျော်တွင် ဇန်နဝါရီလ၆ရက် ညနေ၅နာရီကျော်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ယာဉ်တိုက်မှုကြောင့် ရန်ကုန်ဆေးရုံမှာကုသမှုခံယူနေရတာ အခု သက်သာပြီး ဒီနေ့မယ်ဆေးရုံကပြန်ဆင်းပါတယ်” လျှပ်စစ်စွမ်းအင်စက်မှုလက်မှုဝန်ကြီးဦးဝင်းဌေးကမဇ္ဈိမသို့ပြောသည်။

မတော်တဆမှုကြောင့် ဝန်ကြီးချုပ်မှာ ယခင်က ဒဏ်ရာရရှိခဲ့ဖူးသည့် လက်ကိုသာ ပြန်လည်ထိခိုက်မိကြောင်းလည်း ဝန်ကြီးချုပ်၏သားဖြစ်သူ ဦးဇာနည်မောင်၏ ပြောပြချက်အရ သိရသည်။

ဖြစ်ပုံမှာ တဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် Passo မော်တော်ယာဉ်သည် ကုန်တင်ကားတစ်စီးအား ကျော်တက်ခဲ့ကြောင်း၊ အလားတူပင် ရန်ကုန်-ဇလွန် ပြေးဆွဲနေသည့် ရွှေတော်ဝင် ခရီးသည်တင်ယာဉ်ကလည်း အဆိုပါ ကုန်တင်ကားကိုပင် ထပ်မံကျော်တက်ခဲ့ရာတွင် Passo မော်တော်ယာဉ်ကို ဝင်တိုက်ခဲ့ရာ Passo မော်တော်ယာဉ်မှာ ဝန်ကြီးချုပ် စီးနင်းလာသည့် ယာဉ်အား တိုက်မိခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် ရွှေတော်ဝင်မော်တော်ယာဉ်မှ ယာဉ်မောင်းနှင့် Passo မော်တော်ယာဉ်မှ ယာဉ်မောင်းတို့အား ယာဉ်(ပ)၂/၂၀၁၇ဖြင့် ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉၊ ၂၀၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly