Myanmar Idol Season 2 ဆန်ခါတင် ၁၀ ဦးအား သေချာစီစစ်ရွေးချယ်ခဲ့ဟု မြန်မာပြည်သိန်းတန်ပြော

Myanmar Idol Season 2 ဆန်ခါတင် ၁၀ ဦးအား သေချာစီစစ်ရွေးချယ်ခဲ့ဟု မြန်မာပြည်သိန်းတန်ပြော

ရန်ကုန်၊ဇန်နဝါရီ ၂၁ ။                ။ Myanmar Idol season 2 အဖြစ်  မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ ဝါသနာရှင် ၈၀ ကျော်မှ Top ဆန်ခါတင် ၁၀ ဦးကို ရွေးချယ်ပွဲ ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသော ဝါသနာရှင်များအား စီစစ်ရွေးချယ်ခဲ့သည်ဟု မြန်မာပြည်သိန်းတန်က ပြောသည်။

“ အဆိုပညာပိုင်းမှာ အဆိုကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းရှိရမလဲဆိုတဲ့ ပညာနဲ့တိုင်းရတာပါ။ အန်ကယ်က ချေးများတယ်။ တော်ရုံတန်ရုံ သိပ်မကောင်းရင် အန်ကယ်က သိပ် Yes ပြောလေ့မရှိဘူး” ဟု သူက ပြောသည်။

ရွေးချယ်ခဲ့သော ဆန်ခါတင် ၁၀ ဦးအား ဒိုင်များမှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အရည်အချင်းရှိသော ဝါသနာရှင်များအား စီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အကဲဖြတ်ဒိုင်   မြန်မာပြည်သိန်းတန်က   ပြောခဲ့ပြီး ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ တင်ဇာမော်၊မေဆွိတို့မှ ဆောင်ရွက်ခြင်းဖြစ်သည်။

Myanmar Idol Season 2 ပြိုင်ပွဲအား လာမည့် ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Mntv ချန်နယ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဆန်ခါတင် ၁၀ ဦးအား SMSနှင့် ဖေ့ဘွတ်ခ်မှတဆင့် ပရိသတ်များက မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များတွင် ထူးခြားသော ပင်ကိုယ်စွမ်းရည်များရှိကြပြီး ယခင်ပြိုင်ပွဲဝင်များနှင့် လက်ရှိပြိုင်ပွဲဝင်များမှာ မတူညီသော အသံစွမ်းရည်များရှိကြောင်း Vocal Coach တစ်ဦးဖြစ်သူ ထရေစီက မဇ္ဈိမသို့ ပြောသည်။

“ ပထမကလေးတွေကတော့ သူတို့သွားတဲ့ ကာလာလေးတွေရော အသံလေးတွေရော ပေါ့ပ်အပိုင်းမှာရှိတယ်။ အခုကလေးတွေကတော့ ရော့ခ်ကာလာတွေများတယ်။ ရွက်ပုံးသီး ဝါသနာရှင်များအား မြေတောင်မြှောက်ပေးတဲ့ ယခုကဲ့သို့ သီချင်းဆိုပြိုင်ပွဲများ ပေါ်ပေါက်လာသည်မှာ ဝါသနာရှင်လူငယ်များအတွက် ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်ပါတယ်” ဟု ထရေစီက ပြောသည်။

Winner ဆုရှင်အား ငွေသား ကျပ်သန်း ၂၀၊ တေးစီးရီး Album နှင့် Music Video ခွေတစ်ခွေ ထုတ်လုပ်ပေးမည့်အပြင် ကားတစ်စီးပါ ပေးအပ်သွားမည်ဟု သိရသည်။ Season 1 တွင် မြို့ကြီး ၅ မြို့တွင် ရွေးချယ်ပွဲကျင်းပပြီး ပြိုင်ပွဲဝင်များအား ရွေးချယ်ခဲ့သော်လည်း ယခုနှစ်တွင် မြို့ပေါင်း ၂၀ တွင် ကျင်းပပြီး ပြိုင်ပွဲဝင်များအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly