အစိုးရသစ်လက်ထက် မြန်မာနိုင်ငံက လူများ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဟု ယန်ဟီးလီ ပြောခဲ့

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံက လူများ စိုးရိမ်ပူပန်မှုများ ရှိနေဆဲဟု ယန်ဟီးလီ ပြောခဲ့
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။              ။ မစ္စယန်ဟီးလီ၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူများနှင့် တွေ့ဆုံစကားပြောဆိုစဉ်မှာ သူတို့အနေနဲ့ စိုးရိမ်ပူပန်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ယမန်နေ့က   ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

" အောက်ခြေပြည်သူတွေနဲ့ ဒီခရီးစဉ်အတွင်း စကားပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တစ်နှစ်ကြာပြီး ဖြစ်ပေမယ့် သူတို့ရဲ့အကောင်းမြင်မှုတွေ၊ မျှော်လင့်ချက်တွေ အရောင်မှိန်လာတာက ကျွန်မကို နာကျင်စေပါတယ်" ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီက ပြောသည်။

မစ္စရန်ဟီးလီက ယမန့်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မစ္စရန်ဟီးလီရဲ့ ၁၂ ရက်ကြာ ခရီးစဉ်အတွင်း ကချင် ၊ ရခိုင် ၊မွန်ပြည်နယ်၊ ရန်ကုန်နှင့် နေပြည်တော် တို့ကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေများကို လာရောက်လေ့လာသုံးသပ်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု ပြောဆိုနေကြသော ရခိုင်ပြည်နယ်သို့ သွားရောက်ရာတွင်  ဘူးသီးတောင်ထောင်၊ စစ်တွေထောင်၊ အင်းစိန်ထောင်များသို့ သွားရောက်လေ့လာခဲ့ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရခဲ့သည်ဟု ၎င်းက  ပြောသည်။

သို့သော် ကချင်ပြည်နယ်ရှိ လိုင်ဇာနှင့် ဖားကန့်သို့ သွားရောက်ခွင့်မရဟု ပြောဆိုခဲ့ပြီး ယင်းနေရာတွင် တပ်မတော်နှင့် KIA မှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

မစ္စရန်ဟီးလီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများကို တွေ့ဆုံခွင့်ရခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံခွင့်မရခဲ့ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly