ဖားကန့်မြို့နယ်၌ နှစ်ရက်အတွင်း လူနှစ်ဦးပစ်သတ်ခံရ

ဖားကန့်မြို့နယ်၌ နှစ်ရက်အတွင်း လူနှစ်ဦးပစ်သတ်ခံရ

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ။          ။ ဖားကန့်မြို့နယ်အတွင်း၌ ယမန့်နေ့ ညနေပိုင်း နှင့် ယနေ့ မနက်ပိုင်း အတွင်း လူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည် ဟု ဖားကန့်မြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"မနေ့က ညနေလေးနာရီ လေးဆယ့်ငါးလောက်မှာပေါ့၊ နာမည်က ကိုတိုးပေ့ါနော်၊ သူ့ရဲ့နေအိမ်မှာပဲ သေနတ်ကိုင်ဆောင် လာတဲ့သူတွေရဲ့ လာရောက်ပစ်ခတ်ခြင်းကို ခံခဲ့ရတယ်ဗျ။ ဒီနေ့မနက် ၈ နာရီခွဲဝန်းကျင်လောက်မှာတော့ နန့်ဖက်ကျေးရွာ အုပ်စုက ကျောင်းဆရာတစ်ဦးပေါ့နော်၊ သူ့ကိုကျောင်းကနေ လာခေါ်သွားတယ်။ ကျောင်းနဲ့လေးဖာလုံ လောက် ဝေးတဲ့နေရာမှာ ပစ်သတ်ထားခဲ့တယ်" ဟု ဦးတင်စိုးက ပြောသည်။

ယမန့်နေ့က နေအိမ်အတွင်းမှာပင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ကိုတိုးဆိုသူသည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် နေထိုင်သူဖြစ်ပြီး   ကျောက်အရောင်းအဝယ် လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။ ကိုတိုးဆိုသူသည် ဦးခေါင်း သေနတ် ၂ ချက် ထိမှန်ဒဏ်ရာဖြင့် သေဆုံးသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ ထုတ်ပြန်ထားသည်။

ထို့အပြင် ယနေ့ နံနက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ကိုကျော်ဇင်ထွန်းဆိုသူမှာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကျောင်းဝန်းအတွင်းမှ လာရောက်ခေါ်ဆောင်သွားပြီး လမ်းခရီးတွင် ပစ်သတ်ထားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သွားသည့် အဖွဲ့အစည်းနှင့် ပတ်သက်ပြီး " ဒီမှာကတော့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကို ဘယ်သူမှလည်း ဝန်ခံပြောကြားတာ မရှိဘူး" ဟု ဦးတင်စိုးက ပြောဆိုခဲ့သည်။ ယခုနှစ်ကာလအတွင်း ဖားကန့်မြို့နယ်အတွင်း ပစ်သတ်ခံခဲ့ရသည့် လူဦးရေမှာ ခုနှစ်ယောက် ရှစ်ယောက်ခန့်အထိ ရှိနေပြီဖြစ်ကြောင်း ဦးတင်စိုး၏ ဖြေဆိုချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly