နိုင်ငံခြားရောက် မဲပေးနိုင်သူစာရင်း သြဂုတ်လတွင် သိရမည်

နိုင်ငံခြားရောက် မဲပေးနိုင်သူစာရင်း သြဂုတ်လတွင် သိရမည်

ရန်ကုန် ဇူလိုင် ၂၂ ။       ။ နိုင်ငံခြားသို့ရောက်ရှိနေသည့် မဲပေးနိုင်သူ စာရင်းများကိုလာမည့်  သြဂုတ်လတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပို့မည်ဖြစ်သဖြင့် ယင်းအချိန်တွင်သိရှိရမည် ဟု နိုင်ငံခြားရေး၀ န်ကြီးဌာန အာဆီယံရေးရာဦးစီဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ဇူလိုင်လ ၂၂ရက်တွင် မဇ္ဈိမကိုပြောသည်။

၎င်းက  "ပြည်ပက မြန်မာသံရုံးတွေ၊ ကောင်စစ် ဝန်ရုံးတွေကို သူတို့တွေရှိတဲ့နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ စာရင်း ကိုကောက်ခိုင်းထားတယ်။ သက်တမ်းရှိတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ နိုင်ငံသား အားလုံးကိုကောက်ခိုင်းထားတယ်၊ အဲဒါတွေကို သြဂုတ်လမှာ ကော်မရှင်ကိုပို့မယ်" ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံတကာမှ မြန်မာသံရုံးများသို့ အချက်အလက်ပြုစုခိုင်းခြင်း၊ တောင်းခံထားခြင်း အချိန်ဖြစ်သဖြင့် မည်မျှ အရေအတွက်ရှိသည်ကို မသိရသေးပေ။

ပြုစုပြီးသည့် ပြည်ပရောက်မဲပေးနိုင် မည့်နိုင်ငံသားစာရင်းကို သြဂုတ်လတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ မည်ဖြစ်သည်။

ယင်းနောက် ကော်မရှင်မှ ပြန်လည်ပေးအပ်မည့်  ပုံစံ ၁၅ဖြည့်သွင်းရန်နှင့် မဲပေးနိုင်ရေးအတွက် ကြိုတင်မဲလက်မှတ်များ ကိုနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာသံရုံးများသို့ ပြန်လည် ပေးပို့ကာ ကြိုတင်မဲပေးနိုင်မည့်ရက်ကို ထုတ်ပြန်ပြီး မဲပေးနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ဦးအောင်လင်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံတကာတွင် သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး ၄၄ ရုံးထိ ဖွင့်လှစ် ထားသည်။

အဆိုပါစာရင်းများကို လွန်ခဲ့သည့် ၂နှစ်ခန့်ကပင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြုစုပေးရန် အကြောင်းကြားထား ပြီး၊ ဥပဒေနှင့် အညီထွက်ခွာကာ၊ ထွက်ခွာခဲ့သည့် မြိုနယ်၏ မဲဆန္ဒနယ်အတွင်း မဲစာရင်းအမည်ပါသူများသာ မဲပေးနိုင်မည်ဖြစ်သည်ဟု ဦးတင်အေးကဆိုသည်။

ပြည်ပသို့ရောက် ဥပဒေနှင့်အညီမဲပေးနိုင်သည့် မြန်မာနိုင်ငံသားများ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မရရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဇူလိုင် ၂၂ရက်၊ ကော်မရှင်၏ ရန်ကုန်ရုံးတွင် ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် မဇ္ဈိမကိုပြောသည်။

၎င်းက  "လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းထားတယ်။ စာရင်းအတိအကျကိုနိုင်ငံခြားရေး ကိုမေးပါ။ သူတို့လုပ်နေတယ်။ အရေအတွက်ကိုတော့ ကော်မရှင်ကမသိရသေးပါဘူး" ဟု ဆိုသည်။

တရားဝင်သက်သေခံအထောက်အထားများဖြင့် နိုင်ငံခြားရောက် မဲပေးနိုင်သည့် မြန်မာနိုင်ငံ သားများသည် ရွေးကောက်ပွဲ ရက်ကြေငြာသည့်ရက်မှ စတင်ကာ ပုံစံ ၁၅ (ကြိုတင်မဲပေးရန် ဖြည့်ရသည့်ဖောင်) ကိုဖြည့်သွင်း ကာလျောက်ထားနိုင်ပြီဖြစ်သည်။

ယင်းပုံစံဖြည့်စွက် လျောက်ထားပြီးပါက မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးများရှိသည့် နေရာသို့သာ လူကိုယ်တိုင် လာရောက်ကာ ကြိုတင်မဲပေး နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည် က  "အခုကော်မရှင်မှာ မဲစာရင်း ၃၂သန်းလောက်ရနေပြီ အဲဒီထဲ မှာနိုင်ငံခြားကို ရောက်နေတဲ့ သူတွေလည်းပါတယ်၊ အရေအတွက် ကိုတော့ အတိအကျမသိနိုင်ဘူး" ဟုပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့၊ တရားဝင်သာမက အထောက်အထားမရှိပဲ အကြောင်းအမျိုးမျိုးကြောင့် ရွှေပြောင်း ထွက်ခွာသူ ၅ သန်း နီးပါးရှိသည်ဟု ပြည်တွင်း ပြည်ပမြန်မာအလုပ်သမားအရေး ကူညီပေးနေသည့် အဖွဲ့အစည်း များက ခန့်မှန်းထားကြသည်။

၂၀၁၄ခုနှစ် မတ်လ ၃၀ရက်မှ ဧပြီလ ၁၀ရက်ထိကောက်ယူရရှိသည့် သန်းခေါင်စာရင်းတွင်မူ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ထွက်ခွာ သူ အိမ်ထောင်စုဝင် ၂သန်းကျော်သာရှိကြောင်း ကောက်ယူရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly