YBS စတေကာကပ်နေသောကြောင့် သတ်မှတ်အချိန်တွင်း ပြေးဆွဲပေးနိုင်မှုမရှိခဲ့ဟု တိုင်းဝန်ကြီးချုပ်ပြော

YBS စတေကာကပ်နေသောကြောင့် သတ်မှတ်အချိန်တွင်း ပြေးဆွဲပေးနိုင်မှုမရှိခဲ့ဟု တိုင်းဝန်ကြီးချုပ်ပြော
ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။           ။ စတင်ယာဉ်ပြေးဆွဲမည့် ဘတ်စ်ကားများပေါ်တွင် YBS တံဆိပ် ကားစတေကာများကပ်နေရသောကြောင့် သတ်မှတ်ချိန်နှင့်တပြေးညီ ကားများ မပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

“ ကားတွေက စတေကာ မကပ်ရသေးဘူးဖြစ်နေတယ် ။ ညအထိ ပြေးရတယ်ဗျာ။ ညမပြေးပြန်တော့လည်း စီးစရာမရှိဖြစ်မှာစိုးလို့ ပြေးရတယ်။ ပြေးပြီးတော့ မနက်ကြမှ စတေကာကပ်ပြီးထွက်နေတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်နဲ့ တပြေးညီမထွက်နိုင်ဘူးဖြစ်နေတယ်။ စတေကာကပ်တာကလည်း နာရီဝက်လောက်ကြာတယ် ။ အဲ့လိုမျိုးလေးတွေဖြစ်နေတဲ့အတွက် ဒီနေ့မနက်ကို စီးတဲ့ပြည်သူလူထုကလည်း နည်းနည်းကအောင့်ကသိဖြစ်တယ် ” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ယာဉ်လိုင်းစနစ်သစ်များ စတင်တဲ့ ယနေ့ ဇန်နဝါရီ ၁၆ရက်တွင် ကားအစီးရေနည်းပါးခြင်းနှင့် ခရီးစဉ်လမ်းကြောင်းများ နားမလည်သေးသောကြောင့် ရန်ကုန်မြို့နေပြည်သူအချို့ အဆင်မပြေမှုနှင့် ကြုံတွေ့နေရခြင်းအပေါ် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲနေသည့် ပထမရက်ဖြစ်သော ဇန်နဝါရီ ၁၆ ရက်တွင်  ပြည်သူများ ကူညီသောကြောင့် အဆင်ပြေလာသော်လည်း တစ်ပတ်ခန့်အခက်ခဲများ ကြုံနေနိုင်သေးကြောင်း ပြောခဲ့သေးသည်။ အများပိုင်စနစ်တွင်ပြေးဆွဲရန် စာရင်းပေးထားသည့် ဘတ်စ်ကား စုစုပေါင်း ၄၀၀၀ ခန့်ရှိပြီး ယနေ့တွင် ဘတ်စ်ကားအစီးရေမည်မျှပြေးဆွဲပေးသည်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ယနေ့နံနက်တွင် ယာဉ်လိုင်းစုစုပေါင်း ယာဉ်လိုင်း ၅၇လိုင်း ရှိရာမှ ယာဉ်လိုင်းနံပါတ် ၇၀ ထိ ထပ်မံတိုးချဲ့လိုက်သည်။ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)ကို ယမန့်နေ့က စတင်ပြီး ဖျက်သိမ်းခဲ့ကာ အများပိုင်စနစ်ဖြင့် စတင်ပြေးဆွဲမည့် Yangon Bus Service(YBS) ကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly