အများပိုင်စနစ်တွင် မပါဝင်သည့် ဘတ်စ်ကားများ CNG ထည့်ခွင့်ရတော့မည် မဟုတ်

အများပိုင်စနစ်တွင် မပါဝင်သည့် ဘတ်စ်ကားများ CNG ထည့်ခွင့်ရတော့မည် မဟုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။         ။ ရန်ကုန်တိုင်းအစိုးရမှ လုပ်ဆောင်သည့် ယာဉ်လိုင်းစနစ်သစ်တွင် ပါဝင်ပြေးဆွဲခြင်းမရှိသည့် ဘတ်စ်ကားများအနေဖြင့် CNG (သဘာဝဓာတ်ငွေ့) ထုတ်ယူခွင့်ရတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၄ရက်က ပြောဆိုလိုက်သည်။

“ယာဉ်လိုင်းထဲမှာမပါတော့တဲ့ CNG ဘတ်စ်ကားတွေ CNG ထည့်လို့ရတော့မှာမဟုတ်ပါဘူး။ နိုင်ငံတော်ကနေ CNG ဘတ်စ်ကားတွေကို တပ်ပေးခဲ့တာဟာ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းရပ်တွေမှာ အသုံးပြုဖို့အတွက် CNG ဘတ်စ်တွေတပ်ပေးခဲ့တာဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၆ရက်မှစတင်ပြီး ပြောင်းလဲပြေးဆွဲမည့် ဘတ်စ်ကားစနစ်သစ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၃ ရက် ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

CNG ထုတ်ယူခွင့်မပြုတော့သည့် ယာဉ်များမှာ အများပိုင်စနစ်တွင် ပြေးဆွဲခြင်းမပြုလုပ်သည့် ဘတ်စ်ကားများကိုသာ ဆိုလိုခြင်းဖြစ်ပြီး ကုန်သည်သည့်ယာဉ်များနှင့် တက္ကဆီတို့ မပါဝင်ကြောင်း နှင့် ၎င်းယာဉ်များမှာ CNG ဆက်လက်ထုတ်ယူခွင့်ရှိကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။

CNG တပ်ဆင်ထားပြီး အများပိုင်စနစ်တွင်မပါဝင်သည့် ဘတ်စ်ကားများမှ CNG ဂတ်စ်အိုးများကို မည်ကဲ့သို့ ပြုလုပ်မည်ကိုမူ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ 

“ရန်ကုန်မှာရှိတဲ့ အများပြည်သူသယ်ယူပို့ဆောင်နေတဲ့ ယာဉ်တိုင်းအားလုံးဟာ CNG နဲ့ပြေးနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီဇယ်နဲ့ပြေးဆွဲခြင်းဟာ စရိတ်စကကြီးမားပါတယ်။ ပတ်ဝန်းကျင်ကို ပျက်ဆီးစေပါတယ်။ ဒါကြောင့်မို့လို့ CNG စနစ်နဲ့ပြေးဆွဲမယ့်ကားတွေကို CNG ပြန်ပြီးခွဲတန်းခွဲဝေပေးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။ 

အများပိုင်စနစ်ပြောင်းလဲပြီးနောက်ပိုင်းတွင် CNG များကို တစ်ဦးချင်းပိုင်ဆိုင်ခွင့်ပြုတော့မည်မဟုတ်ဘဲ ကုမ္ပဏီများသာ CNG ခွဲတန်းများ ခွဲဝေပေးသွားတော့မည်ဟုလည်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

အများပိုင်စနစ်သစ်စတင်ပါက ရန်ကုန်တစ်မြို့လုံးတွင် ယာဉ်အစီးရေ ၃၀၀၀ ခန့်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး မြို့တွင်း ခရီးတိုများအတွက် မီနီဘတ်စ်ကားတွေကိုလည်း ထည့်သွင်းပေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။

သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများအပါအဝင် စနစ်သစ်တွင် ပါဝင်ပြေးဆွဲမည့် ဘတ်စ်ကားကုမ္ပဏီမှ တာဝန်ရှိသူအချို့ တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags