ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ထိုးထားသည့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံမည်
 ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တွေ့ရသော အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့အချို့။ (ဓာတ်ပုံ-မင်းမင်း / မဇ္ဈိမ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။            ။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ဆုံရန် အပစ်ရပ်လက်မှတ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့မှ စာပေးပို့ထားပြီး အတိုင်ပင်ခံဘက်မှ တွေ့ဆုံရန် ပြန်လည်အကြောင်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မဇ္ဈိမသို့ပြောသည်။

 “အတိုင်ပင်ခံကတွေ့မယ်။ အဲ့တာ့ မနေ့ကပဲ သူတို့ဆီ ဆက်သွယ်ပြီးတော့ပြောလိုက်တယ် လူကြီးပိုင်းကိုပြောထားတယ် အဲ့တော့ သူတို့ကခေါင်းဆောင်တွေ အားလုံးအဆင်ပြေမယ့်ရက်ပေါ့နော်။ အဲ့ဒါကိုပြန်ပြောပါဆိုပြီးပြောထားတယ်။ သူတို့အဆိုပြုတဲ့ရက်ကို ကျွန်တော်တို့က ရက်နဲ့ပြန်ညှိရမယ်။ ဘယ်ရက်ဆိုတာအတိကျ ပြောလို့မရသေးဘူး" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရက် ညှိနှိုင်းနေသော်လည်း တပ်မတော်ဘက်မှ တွေ့ဆုံရန် ရှိမရှိကို အတည်ပြုရန် တပ်မတော်တာဝန်ရှိသူတစ်ဦးကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပေ။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်ချုပ်တို့ကို တွေ့ဆုံနိုင်ရန် NCA ထိုးထားသည့် အဖွဲ့ (၈)ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် စာပေးပို့တောင်းဆိုထားခြင်းဖြစ်သည်။

 တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးအပစ်ရပ်ရေးိကိစ္စ၊ ၂၁ ရာစုပင်လုံ ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး NCA ထိုးထားသည့်အဖွဲ့များနှင့် ဖြစ်ပေါ်နေသည့် နားလည်မှုလွဲမှားသည့်ကိစ္စများ အပါအဝင် အခက်အခဲများကို တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲမှ ပြောသည်။

“အထူးသဖြင့်ကတော့ အဖွဲ့အစည်းတွေတစ်ခုချင်းအလိုက် ရင်ဆိုင်နေရတဲ့အခက်ခဲတွေပါသလို ရင်ဆိုင်နေရတဲ့အခက်ခဲတွေလည်းရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး အခက်ခဲတွေကို ပွင့်ပွင့်လင်းလင်း   ပြောဆိုနိုင်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ကြိုးစားနေတဲ့ကာလမှာ ဆုံဖြတ်နိုင်တဲ့သူအချင်းချင်းကြားမှာ အခုလိုမျိုးတွေ့ဆုံတာက အကောင်းဆုံးလို့ ယုံကြည်လို့ဆုံးဖြတ်ခဲ့တာပါ" ဟု ရဲဘော်သံခဲကပြောဆိုသည်။

တွေ့ဆုံရာတွင် တိုင်းရင်းသားများဘက်မှ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဦးဆောင်မည်ဖြစ်ပြီး   မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အပစ်ရပ်လက်မှတ် NCA ထိုးထားသည့် အဖွဲ့ဝင်များထဲမှ အဖမ်းခံထားရသည့် လူတချို့ကိစ္စနှင့် NCA မထိုးရသေးသည့်အဖွဲ့များ လက်မှတ်ရေးထိုးလာရေးကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly