အများပိုင်ယာဉ်လိုင်းစနစ်သစ်တွင် ခရီးသွားများကိုကူညီရန် စာရင်းပေးထားသူ ၃၀၀၀ ခန့် ရှိနေ

အများပိုင်ယာဉ်လိုင်းစနစ်သစ်တွင် ခရီးသွားများကိုကူညီရန် စာရင်းပေးထားသူ ၃၀၀၀ ခန့် ရှိနေ
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ။               ။ ရန်ကုန်မြို့တွင်း ဇန်နဝါရီလ ၁၆ ရက်တွင် စတင်ပြေးဆွဲမည့် အများပိုင်ယာဉ်လိုင်းစနစ်သစ်တွင် ခရီးသွားများကိုကူညီရန် စေတနာ့ဝန်ထမ်း စာရင်းပေးသူ ၃၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

“ ပူးပေါင်းဆောင်ရွက်လိုတဲ့သူတွေက စာရင်းပေးသွင်းလာတဲ့အခြေအနေ၊ ကျောင်းသားသမဂ္ဂက ကျွန်တော်တို့ညီငယ်တွေဆီ ပေးလာတဲ့ စာရင်းတွေနဲ့ အားလုံးကြည့်လိုက်မယ်ဆိုရင် ၃၀၀၀ လောက်ရှိပါတယ် ”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အများပိုင်ယာဉ်လိုင်းများ ပြောင်းလဲချိန်တွင် လုပ်အားပေးကူညီကြမည့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဝန်ကြီးချုပ်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ယနေ့ (ဇန်နဝါရီ ၁၃) တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လုပ်အားပေး လူငယ်များသည် ယာဉ်လိုင်းသစ်များ စတင်ပြောင်းလဲချိန် ဇန်နဝါရီ ၁၅ရက် ညနေမှ စတင်ကာ ၅ ရက်ကြာ ကူညီသွားကြမည်ဖြစ်ပြီး ကားမှတ်တိုင်များ၌ ကူညီလမ်းညွှန်သွားကြမည်   ဖြစ်သည်။ အဆိုပါလုပ်အားပေး လူငယ်များအတွက် လက်ရှိအချိန်အထိ Yangon Bus အမှတ်တံဆိပ်ပါ ဦးထုပ်အလုံး ၂၀၀၊ တီရှပ် အထည် ၃၀၀၀ နှင့် ခရီးသွားပြည်သူများကို ပြန်လည်မျှဝေရန် ဘတ်စ်ကားလမ်းညွှန်ပါ လက်ကမ်းစာစောင် ၅ သိန်းခန့် ရိုက်နှိပ်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက် ညနေမှ စတင်ကာ လက်ရှိရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် မ.ထ.သ ဘတ်စ်ကားများ အားလုံးသည် အသုံးပြုနေဆဲ ယာဉ်လိုင်းနံပတ်များ၊ စတစ်ကားများကို ခွာကာ YUPT ယာဉ်လိုင်းအား အသစ်တပ်ဆင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly