အသက်(၁၃)နှစ်အရွယ် ကျောင်းသူကို သားမယားအဖြစ်ပြုကျင့်သူအား အမှုဖွင့်

အသက်(၁၃)နှစ်အရွယ် ကျောင်းသူကို သားမယားအဖြစ်ပြုကျင့်သူအား အမှုဖွင့်
သက်ငယ်မုဒိမ်းမှုများအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတခု ရန်ကုန်မြို့တွင် ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းက ပြုလုပ်စဉ်(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ အသက်(၁၃)နှစ်အရွယ် ကျောင်းသူ အမျိုးသမီးငယ်ကို သားမယားအဖြစ်ပြုကျင့်သူအား အရေးယူပေးရန် အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက တိုင်တန်းသည့်ဖြစ်စဉ် ဇန်နဝါရီ ၁၂ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အသက်(၁၃)နှစ်ခန့်ရှိ မ_၏ အတန်းပိုင်ဆရာမ ဖြစ်သူက ပျဉ်းမနားမြို့နယ်၊ _လမ်းတွင် နေထိုင်သူ မ_၏ မိခင်ဖြစ်သူထံ ၎င်း၏ သမီးဖြစ်သူ ကျောင်းသို့မလာကြောင်း ဖုန်းဆက်ပြီး အကြောင်းကြားချက်အရ လိုက်လံရှာဖွေကြောင်း ဇဗ္ဗူသီရိမြို့မရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသို့ လိုက်လံရှာဖွေစဉ် ခင်မင်ရင်းနှီးသူ အသက်(၃၄)နှစ်အရွယ် အမျိုးသား၏ ကားပေါ်မှ သမီးဖြစ်သူအား အိမ်ဘေးရှိ ရထားသံလမ်းဘေးတွင် ချပေးခဲ့သဖြင့် သမီးဖြစ်သူအား မေးမြန်းရာတွင် အဆိုပါ အမျိုးသားနှင့် လွန်ခဲ့သော(၂)လခန့်ကတည်းက ချစ်ကြိုက်ခဲ့ပြီး တည်ခိုခန်းတွင် ချိန်းတွေ့၍ (၄)ကြိမ်ခန့် သားမယားအဖြစ် နေထိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ထို့ကြောင့် အသက်(၁၃)နှစ်အရွယ် သမီးငယ်အား သားမယားအဖြစ်ပြုကျင့်သူ အမျိုးသားအား ဥပဒေအရ အရေးယူပေးရန် မိခင်ဖြစ်သူက ဇန်နဝါရီ ၁၂ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး အဆိုပါ အမျိုးသားအား ရဲစခန်း(ပ)၂၄/၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၆ဖြင့် အမှုဖွင့်ပြီး တရားခံအား ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

ပြည်သူလူထုအနေဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုများ ဖြစ်ပေါ်သည်ကို သိရှိပါက သို့မဟုတ် ဖြစ်ပေါ်နေကြောင်း သံသယရှိပါက ဆက်သွယ်အကြောင်းကြားပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်သိရှိသတင်းပို့တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များလိုအပ်မည့် အကူအညီများအား အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဖုန်းနံပါတ် ၀၆၇၄၀၄၉၉၉ နှင့် ၀၆၇၄၀၄၂၂၂ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly