အကောင်းဆုံး ဝန်ဆောင်မှုပေးမယ်လို့ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ကတိပြု

အကောင်းဆုံး ဝန်ဆောင်မှုပေးမယ်လို့ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ ကတိပြု
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ အကောင်းဆုံးပေးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိသော Myanmar National Tele & Communications Co., Ltd (MNTC)၏ ဥက္ကဌဖြစ်သူ ဦးခင်မောင်စိုးက ပြောဆိုလိုက်သည်။

“မြို့ရွာကျေးလက်မကျန် နိုင်ငံသူ၊ နိုင်ငံသားများ စိတ်ချမ်းသာအကျိုးရှိစွာ အဆင့်မြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရယူခံစားနိုင်ရေးအတွက် ယနေ့ကစပြီးတော့ တက်ကုန်ရွက်စုံ ဖွင့်ပြီးတော့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ်” ဟု ဦးခင်မောင်စိုးက ပြောသည်။

နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရုံးတွင် ဇန်နဝါရီလ ၁၂ရက်က ကျင်းပပြုလုပ်သည့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ပေးအပ်ခြင်း အခမ်းအနားတွင် လိုင်စင်ရရှိသည့် Myanmar National Tele & Communications Co., Ltd  ၏ ဥက္ကဌဖြစ်သူ ဦးခင်မောင်စိုးက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို MPT,Ooredoo နှင့် Telenor တို့က ဆောင်ရွက်လျက်ရှိပြီး စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် Myanmar National Tele & Communications Co., Ltd အနေဖြင့် လာမည့်တစ်နှစ်အတွင်း ဝန်ဆောင်မှုပေးသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ Network(ကွန်ယက်)ကို အကောင်းဆုံး The Best Network ဖြစ်အောင် တည်ထောင်သွားပြီးတော့ အဲ့ဒီအပေါ်ကနေပြီးတော့ပဲ ဝန်ဆောင်မှုကို အကောင်းဆုံး ပေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း ကုမ္ပဏီ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက မီဒီယာများကို ပြောသည်။

အသေးစိတ် အချက်အလက်များကိုမူ လာမည့် ဇန်နဝါရီ ၁၄ရက် ရန်ကုန်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲမှသာ ပြောဆိုသွားမည်ဟုလည်း ၎င်းက ဆိုသည်။

Myanmar National Tele & Communications Co., Ltd အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဗီယက်နိုင်ငံမှ Viettel ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly