ကိုးတန်းကျောင်းသူ သားမယားပြုကျင့်ခံရသည့်အမှုတွင် ကာယကံရှင်ဘက်မှ ကန့်ကွက်ထားသည့် သက်သေ ၆ ဦးလုံးကို တရားရုံးမှ ပယ်ချပေးထား

ကိုးတန်းကျောင်းသူ သားမယားပြုကျင့်ခံရသည့်အမှုတွင် ကာယကံရှင်ဘက်မှ ကန့်ကွက်ထားသည့် သက်သေ ၆ ဦးလုံးကို တရားရုံးမှ ပယ်ချပေးထား

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။           ။ မူးယစ်ဆေးတစ်မျိုးပါသည်ဟု ယူဆရသည့်အချိုရည်တိုက်ပြီး သားမယားပြုကျင့်ခံရသည့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူအမှုတွင် ရဲဘက်မှ တင်သွင်းထားပြီး ကယကံရှင်ဘက်မှ ကန့်ကွက်သည့် တရားလိုပြသက်သေအားလုံးကို အနောက်ပိုင်းခရိုင်တရားရုံးမှ ပယ်ချ ပေးထားကြောင်းသိရသည်။

တရားလိုသက်သေ စုစုပေါင်း ၁၉ ယောက်ရှိသည့်အနက် ကာယကံရှင်ဘက်မှသဘောမတူ၊ ကန့်ကွက်ထားသည့် သက်သေ ၆ဦးကို ဥပဒေရုံးမှ ပယ်ပေးထားခြင်းဖြစ်သည်။

တရားလိုဘက်မှ ကန့်ကွက်သည့်သက်သေခံများမှာ သန်းကိုကိုမောင်၏ အမေ၊ အစ်မ၊ တည်းခိုခန်းမှ သူများနှင့် သန်းကိုကိုမောင်၏ အိမ်နီးနားချင်းများဖြစ်ပြီး ကမာရွတ်မြို့နယ်ရဲစခန်းမှ အမှုစစ်ရဲအရာရှိက ထည့်ထားခြင်းဖြစ်ကြောင်း၊ ကာယကံရှင်မိန်းကလေးငယ်၏ မိခင်သူက အဆိုပါ တရားလိုများကို ကန့်ကွက်ခဲ့သဖြင့် တရားရုံးမှ ပယ်ချခဲ့ခြင်းဖြစ်သည်။

“ ရဲသက်သေတွေရယ်၊ ကလေးမလေးရယ်၊ ကိုယ်ရယ်ပဲ ကျန်တော့တယ်။ တရားလိုနဲ့မသက်ဆိုင်တဲ့ သက်သေတွေအားလုံးပေါ့။ ပယ်ပေးထားတယ် ”  ဟု မိန်းကလေးငယ်အမှုကို လိုက်ပါကူညီနေသည့် ပရဟိတအဖွဲ့မှ ကိုသူရကျော်က ပြောဆိုသည်။

ကာယကံရှင်ဘက်မှကန့်ကွက်သည့် သက်သေအားလုံးကိုပယ်ချပေးထားသောကြောင့် အသက်၁၉နှစ်အရွယ် ကျောင်းသူ ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် သက်သေထွက်ရန် တရားရုံးသို့   ရောက်ရှိလာသော်လည်း နေ့လည် ၁၂ နာရီထိ တွဲဖက်ခရိုင်တရားသူကြီး ၄ မှာ တရားခွင်သို့ ရောက်ရှိမလာခြင်းကြောင့် သက်သေမထွက်ဆိုဖြစ်သေးကြောင်း ဦးရောဘတ်စန်းအောင်ကပြောသည်။

“ ကလေးမလေးက သက်သေထွက်ဖို့လာပါတယ်။ သို့သော် တရားသူကြီးများအစည်းဝေးက တိုင်းမှာရှိတယ်ဆိုတဲ့အတွက် ကျွန်တော်တို့ဟာ ၁၂နာရီထိုးဖို့ ငါးမိနစ်လိုတဲ့အထိ လာရောက်ခြင်းမပြုနိုင်တဲ့အတွက် နောက်တစ်ပတ်ရုံးချိန်းကတော့ ကလေးမလေးကို စစ်မှာပါ “ ဟု ၄င်းကပြောဆိုသည်။

ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်၊ နေ့လည်ပိုင်းက အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို မြောက်ဒဂုံ ၃၉ ရပ်ကွက်တွင် နေထိုင်သည့် သန်းကိုကိုမောင်ဆိုသူက လှည်းတန်းစင်တာရှေ့တွင် ချိန်းဆိုကာ လိမ္မော်ရည်တိုက်ခဲ့ပြီး အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုကိုအောင် အိမ်သို့ခေါ် ဆောင်သွားခဲ့ပြီး ထိုမှတဆင့် မြောက်ဒဂုံရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုဖက်မှ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly