ရန်ကုန်မြို့တွင်း ပြေးဆွဲရန် အရှေ့ပိုင်းခရိုင်အခြေပြု နောက်ထပ် ယာဉ်လိုင်း (၂) လိုင်းတိုးချဲ့

ရန်ကုန်မြို့တွင်း ပြေးဆွဲရန် အရှေ့ပိုင်းခရိုင်အခြေပြု နောက်ထပ် ယာဉ်လိုင်း (၂) လိုင်းတိုးချဲ့
ဓာတ်ပုံ- YBS(Yangon Bus Service)

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ။                    ။ ဇန်နဝါရီလ ၁၆ ရက်တွင် စတင်မည့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားလိုင်း ၂ လိုင်းအား ယမန်နေ့က ထပ်မံတိုးချဲ့ကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့က အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကအတည်ပြုပြောကြားသည်။

"ကျွန်တော်တို့က အမြဲတမ်း ပြန်ကြည့်ပြီးတော့ လိုင်းတွေ ထပ်တိုးသင့်ရင် တိုးသွားမယ်။အခုကတော့ ၆၀ ဖြစ်သွားပြီ" ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ထပ်မံတိုးချဲ့လိုက်သည့် ဘတ်စ်ကားလိုင်း မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များမှ စတင်မည်ဖြစ်သည်။ သင်္ဃန်းကျွန်းစံပြစျေး-သံသုမာ-အသောက-တာမွေအဝိုင်း-ရွှေဂုံတိုင်-ဗားကရာလမ်း-အောက်ကြည့်မြင့်တိုင်လမ်း-ကမ်းနားလမ်း- နှင်းဆီကုန်းလမ်းအထိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းနံပါတ် ၅၉ နှင့်   တောင်ဒဂုံ-ပြည်ထောင်စုလမ်းမကြီး -တောင်မြောက်လမ်းဆုံ- သင်္ဃန်းကျွန်းစံပြစျေး-အောင်ဇေယျလမ်း-ကျောက်ကုန်း အထိ ပြေးဆွဲမည့် ယာဉ်လိုင်းနံပါတ် ၆၀ တို့ ဖြစ်သည်။

ဘတ်စ်နံပါတ် ၁ မှ ၅၈ အထိ (နံပါတ် ၁၃ လိုင်း မူလကတည်းက မပါဝင်) စုစုပေါင်း ၅၇လိုင်းအား စနစ်သစ်ဖြင့် ရန်ကုန်မြို့တွင်းပြေးဆွဲရန်စီစဉ်နေခြင်းဖြစ်ပြီး နောက်ထပ် ဘတ်စ်ကားလိုင်းနံပါတ် ၅၉နှင့် ၆၀ ဆိုသော (၂) လိုင်း ထပ်မံတိုးချဲ့လိုက်သည်ဟု ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

လက်ရှိတွင် လိုင်းနံပါတ် ၆၀ ထိ ပြေးဆွဲရန် အဆင်သင့်ပြင်ဆင်ဆင်ထားခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့တွင် စနစ်သစ် စတင်မည်ဖြစ်သည်။

ထို့အပြင် ယခင်ထုတ်ပြန်ထားသည့် ယာဉ်လိုင်းများအနက် ယာဉ်လိုင်းနံပါတ် (၂) နှင့် (၄၁) ကို ပြင်ဆင်ဖြည့်စွက်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ထားပြီး ယာဉ်လိုင်းနံပါတ်(၂)သည် ယုဇနဥယျာဉ်မြို့တော် မုခ်ဦးကနေ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလတံတားအထိ ပြေးဆွဲမည့် ယာဉ်လိုင်းဖြစ်ကာ နံပါတ်(၄၁)သည် ရွှေပြည်သာ(လိန်ကုန်း)ကနေ သခင်မြပန်းခြံအထိ ပြေးဆွဲမည့် ယာဉ်လိုင်းဖြစ်သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မထသ)ကိုဖျက်သိမ်းသွားပြီး အများပိုင်သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ   ပြေးဆွဲသွား တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly