ငြိမ်းချမ်းရေးလုပ်ငန်းများတွင် NLD လှူဒါန်းငွေ ကျပ်သိန်းနှစ်ထောင်အား သုံးစွဲသွားမည်

ငြိမ်းချမ်းရေးလုပ်ငန်းများတွင် NLD လှူဒါန်းငွေ ကျပ်သိန်းနှစ်ထောင်အား သုံးစွဲသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၉ ။           ။ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် သုံးစွဲရန် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကျပ် သိန်းနှစ်ထောင် လှူဒါန်းပွဲကို ယနေ့ နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။

NLD ပါတီဝင် လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များလစာငွေမှ ၂၅ ရာခိုင်နှုန်း စုဆောင်းထားတဲ့ ရန်ပုံငွေထဲမှ  ကျပ်သိန်း၂၀၀၀ ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုရန် ငြိမ်းချမ်းရေးကော်မရှင်သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့တစ်ပတ်လောက်ထဲက ပါတီဥက္ကဋ္ဌ မိန့်ခွန်းတွေထဲမှာ စကားတွေထဲမှာ ပါလာတယ်။ ငြိမ်းချမ်းရေးအတွက်လှူတဲ့ငွေတွေကို စနစ်တကျသုံးဖို့တို့၊ ဘာတို့ ။ ဒီလိုတွေကြားလိုက်တော့ ငြိမ်းချမ်းရေးမှာ ရန်ပုံငွေတွေလိုအပ်နေတယ်ဆိုတဲ့အဓိပါယ်ကို တွေးလို့ရတယ်။  အဲ့တော့ ကျွန်တော် စနေနေ့က CEC ကို တင်ပြတယ်ဆိုတော့ CEC က လှူမယ်တဲ့။ ဆုံးဖြတ်ကြဆိုတော့ ဆုံးဖြတ်ပြီး လှူဖြစ်တာပါ ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ အစိုးရအဖွဲ့ဝင်များနှင့် လွတ်တော်အမတ်များ၏ လစာထဲက ၂၅ ရာခိုင်နူန်းကို စုဆောင်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ NLD ပါတီဝင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

“ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ဒီပိုက်ဆံတွေကို ငြိမ်းချမ်းရေးအပေါ်မှာ သုံးစွဲတာဖြစ်လို့ ကျွန်တော့အနေနဲ့ ပီတိဖြစ်ပါတယ်” ဟု ဦးနိုင်ငံလင်းက ပြောဆိုသည်။

အဆိုပါ လှူဒါန်းသည့်ငွေများ ကိုမည်ကဲ့သို့သုံးစွဲမည်ကို ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ ဆုံးဖြတ်မည်ဖြစ်ပြီး ယခုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags