ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဒလ နှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်မှအပ ဆိုင်ကယ်စီးနင်းခွင့်ပိတ်

ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ဒလ နှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်မှအပ ဆိုင်ကယ်စီးနင်းခွင့်ပိတ်

ရန်ကုန်၊ ဇန်နဝါရီ ရ ။                 ။ ဒလနှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်များမှအပ ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း တိုင်းအစိုးရ၏ ခွင့်ပြုချက်မရဘဲ ဆိုင်ကယ်စီးနင်းဝင်ရောက်ခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၆ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်သည်။

"အတည်ပြုပါတယ်။ မနေ့ကထုတ်တာပါ၊ မြို့တော်ဝန်လက်မှတ်ထိုးထားပါတယ်" ဟု ရန်ကုန်တိုင်း လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက အတည်ပြုပြောကြားသည်။

ယင်းထုတ်ပြန်ချက်အမိန့်တွင် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၃၊ ပုဒ်မခွဲ(ဃ) နှင့် ပုဒ်မ ၈၅၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်များအရ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လက်မှတ်ရေးထိုးထားသည်။

ထို့အပြင် တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်သည်ဟု ယင်းအမိန့်ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ ၆၃၊ ပုဒ်မခွဲ(ဃ) တွင် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သတ်မှတ်ထားသည့် လမ်းများပေါ်တွင် ခွင့်ပြုချက်မရှိသည့် မော်တော်ယာဉ်အမျိုးအစားများ မောင်းနှင်ခြင်းမပြုရဟု ဖော်ပြထားသည်။ ထို့အပြင် ပုဒ်မ ၈၅၊ ပုဒ်မခွဲ(ခ)တွင် ကော်မတီသည် လိုအပ်သော အမိန့်ကြေညာစာ၊ အမိန့်နှင့် ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်ကြောင်း ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင်ဖော်ပြထားသည်။

အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသည် ၂၀၁၃ ခုနှစ်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက လက်မှတ်ရေးထိုးထားသည့် ဥပဒေဖြစ်ပြီး ၎င်းဥပဒေအရ လက်ရှိ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်အကောင်ထည် ဖော်နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ် ရှိနေပြီး ဆိုင်ကယ်ကို ကျယ်ကျယ်ပြန့်ပြန် စီးနှင်နေသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ မြို့နယ်များတွင်ပါ ယင်းအမိန့် သက်ရောက်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly