ငပုတောမြို့နယ် တရားရုံးအား မတရားဆုံးဖြတ်သည်ဟု စွပ်စွဲ၍ ပထမအကြိမ် ဆန္ဒပြ

ငပုတောမြို့နယ် တရားရုံးအား မတရားဆုံးဖြတ်သည်ဟု စွပ်စွဲ၍ ပထမအကြိမ် ဆန္ဒပြ

ငပုတော၊ ဇန်နဝါရီ ၅ ။             ။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တရားရုံးက လယ်ယာမြေမှုခင်းများနှင့် ပတ်သက်၍ မတရားစစ်မေးဆုံးဖြတ်သည်ဟု စွပ်စွဲကာ ယင်းသို့ဆုံးဖြတ်ခြင်းကို   နိုင်ငံတော်က ပြုပြင်ပေးရန် လူအင်အား ၅၀၀ကျော်က တောင်းဆိုဆန္ဒထုတ်ဖော်မှု ဇန်နဝါရီ ၅ရက်က ငပုတောမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

"ကျွန်တော်အမှုကို အရင်မြို့နယ်ရုံးမှာနိုင်ခဲ့တယ်။ ခရိုင်မှာလည်းနိုင်ခဲ့ပြီး အခု စာချုပ်အတုနဲ့ တရားစွဲဆိုခံထားရတာပါ။ အတုတွေနဲ့ အခု ရုံးမှာစစ်ဆေးခံနေရတယ်။ နောက်ဆို ကျွန်တော်လယ်သမားတွေကြောက်ပြီး ခံရမယ့်ပုံ ဖြစ်နေတယ်”ဟု ဆန္ဒဖော်ထုတ်သူဦးခင်မောင်ဝင်းက ပြောသည်။

သို့သော် ဆန္ဒဖော်ထုတ်သည့် အမှုမှာ တရားရုံးတွင် စစ်ဆေးဆဲဖြစ်ပြီး ဆုံးဖြတ်ချက်မချရသေးသည့် အမှုဖြစ်ကြောင်း ငပုတောမြို့နယ်တရားရုံး၏ တရားသူကြီးက ပြောသည်။

"တရားရုံးအနေနဲ့ သူတို့ဆန္ဒပြတဲ့ ကိစ္စမှာ တရားဥပဒေအရ ဆောင်ရွက်တာဖြစ်လို့ပြောစရာမရှိဘူး။ သို့သော် အမှုဖြစ်စဉ် နည်းနည်း ပြောလို့ရတယ်။ အမှုကပြီးပြတ်တဲ့အမှုလည်းမဟုတ်ဘူး။ စစ်ဆေးဆဲရှိသေးတယ်။ ဆန္ဒပြတဲ့ဦးဆောင်သူက တရားခံ၊ သူ့ဘက်က ပုဂ္ဂလိကအမြင်နဲ့ဆန္ဒဖော်ထုတ်တယ်လို့မြင်ပါတယ်။ ဥပဒေရူထောင့်နဲ့ ပုဂ္ဂလိက အမြင်နဲ့ကွာဟမှုရှိကောင်းရှိပါလိမ့်မယ်။ တရားရုံးအနေနဲ့ နိုင်ငံတော်ပြဋ္ဌာန်းချက်ဥပဒေနဲ့အညီ ဆောင်ရွက်ပါတယ်”ဟု ငပုတောမြို့နယ်တရားသူကြီး ဦးစိုးဝင်းက မီဒီယာများကို ရှင်းပြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒပြသူများက "တရားရေးမဏ္ဍိုင် ယိမ်းယိုင်၊ မပြိုလဲအောင် ဝိုင်းဝန်းကူညီ ပြောင်းလဲပေးကြပါ ခင်ဗျာ၊ စာချုပ်အတု လူအတုနှင့် အမှုဆင် ရုံးတော်သခင် သိပါသော်လည်း အနိုင်ပေးခြင်းများ ကင်းဝေးကြပါစေ” ဟူသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ လှည့်လည် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly