အာဆီယံနိုင်ငံများမှ အကူအညီများကို အသိုက်အဝန်းနှစ်ခုစလုံးအား ခွဲခြားမှုမရှိဘဲ ပေးသွားရန် အစိုးရတောင်းဆို

အာဆီယံနိုင်ငံများမှ အကူအညီများကို အသိုက်အဝန်းနှစ်ခုစလုံးအား ခွဲခြားမှုမရှိဘဲ ပေးသွားရန် အစိုးရတောင်းဆို
ဓာတ်ပုံ-EPA

ရန်ကုန်၊ ဇန်နဝါရီ ၅ ။              ။ အာဆီယံနိုင်ငံများမှ လူသားခြင်းစာနာထောက်ထားမှု အကူအညီများကို ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း နှစ်ခုစလုံးအား ခွဲခြားမှုမရှိဘဲ ပေးသွားရန် လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဇန်နဝါရီ ၄ ရက်က သတင်းထုတ်ပြန် လိုက်သည်။

မလေးရှားနိုင်ငံမှ အစ္စလာမ်အတိုင်ပင်ခံကောင်စီ၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို ကူညီထောက်ပ့ံ ပေးမှုများကို သင်္ဘောဖြင့် သယ်ဆောင်လာပြီး တိုက်ရိုက်သွားပေးမည်ဟု သတင်းများ ထွက်ပေါ်လာပြီးသည့် အချိန်တွင် အစိုးရဘက်က အခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မှာရှိတဲ့ အကူအညီ လိုအပ်နေတဲ့သူတွေကို အင်ဒိုနီးရှားနိုင်ငံက ကူညီထောက်ပံ့ပေးဖို့ အစီအစဉ်ရှိနေပေမယ့် မလေးရှားနိုင်ငံက ယခုအချိန်ထိ တရားဝင်အကြောင်းကြားထားခြင်း မရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက မဇ္ဈိမသို့ပြောသည်။

"မလေးရှားက ယနေ့ထက်တိုင် ဘာမှ လျှောက်ထားတာ တရားဝင်မရှိဘူး။ သူတို့လုပ်ပါမယ်လို့ သဲ့သဲ့ကြားနေတော့ မလေးရှားသံရုံးကိုတော့ နှုတ်နဲ့တော့ ပြောထားပြီးပြီ။ ကူညီထောက်ပံ့ပေးဖို့ရှိရင် တရားဝင်လမ်းကြောင်းကနေ လုပ်ဖို့တော့ အသိပေးလိုက်ပြီ" ဟု ဒေါ်အေးအေးစိုးက ဆိုသည်။

လူသားခြင်းစာနာထောက်ထားမှုကူညီရေးပစ္စည်းများ ရန်ကုန်လေဆိပ်နှင့်ဆိပ်ကမ်းများကို ရောက်ရှိချိန်တွင် ပစ္စည်းများကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် သက်ဆိုင်ရာဌာနများနှင့် အလှူရှင်နိုင်ငံများကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက အကူအညီများကို အသိုင်းအဝိုင်း နှစ်ခုလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဟု အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ချက်တွင် ကူညီပေးမည့် နိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများ ပေးပို့ရာတွင် သံတမန်လမ်းကြောင်းမှတစ်ဆင့် အကြောင်းကြားပြီးမှသာ ပေးပို့နိုင်မည်ဟု ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly