မောင်တောတွင် ဘင်္ဂါလီ ရာအိမ်မှူးတစ်ဦးအား ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား

မောင်တောတွင် ဘင်္ဂါလီ ရာအိမ်မှူးတစ်ဦးအား ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား
ဒီဇင်ဘာ ၂၁ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် အနီးရှိ ငါးခူရကျေးရွာ မြင်ကွင်း။ ဓာတ်ပုံ-EPA

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ။            ။ မောင်တောမြို့နယ်၊ ဂွဆုံကျေးရွာနေ ဘင်္ဂါလီ ရာအိမ်မှူးတစ်ဦးအား တုတ်၊ ဓားလက်နက်ကိုင်ဆောင်သူ ၆ ဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ကြိုးဖြင့်တုပ်ကာ ဖမ်းဆီးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ဂွဆုံကျေးရွာနေ ဘင်္ဂါလီ ရာအိမ်မှူး အန်နာမူလာသည် အလုပ်ကိစ္စဖြင့် ဂွဆုံ အလယ်ကျေးရွာသိုု့ သွားရောက်စဉ် လမ်း၌ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူ ၆ ဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ရွောအရှေ့ဘက်ရှိ မေယုတောင်ကြောပေါ်သို့ ကြိုးတုတ်ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း သတင်းအဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ ဒေသခံတပ်ဖွဲ့ဝင်များနှင့်ဆက်သွယ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးများတွင် ပူးတွဲလုပ်သည့်သူအချို့သည် မိသားစုလိုက်ခြိမ်းခြောက်ခံရခြင်း၊ အသတ်ခံရခြင်းတို့ မောင်တောတွင်ဖြစ်ပွားနေကြောင်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးရဲနိုင်က ဒီဇင်ဘာ ၂၇ ရက်က မဇ္စျိမသို့ ဖြေကြားထားသည်။

မောင်တောမြို့ ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတစ်ဦး ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် အသတ်ခံရပြီး ဒီဇင်ဘာ ၂၂ရက်နေ့က မီဒီယာများကိုဖြေကြားပေးသည့် စာကြည့်တိုက်မှူး ဘင်္ဂါလီတစ်ဦး အသတ်ခံခဲ့ရကာ ဒီဇင်ဘာ ၂၆ တွင် ဆီရာဇူဟွတ် ဆိုသူအသတ်ခံခဲ့ရပြီး သေဆုံးသူ ၃ ဦးလုံးမှာ ဒေသအာဏာပိုင်အဖွဲ့နှင့် ပတ်သက်သူများဖြစ်သည်။

ရိုက်နှက်ခေါ်ဆောင်ခံခဲ့ရသည့် ဂွဆုံကျေးရွာနေ ဘင်္ဂါလီ ရာအိမ်မှူး အန်နာမူလာကို ပြန်လည်ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly